သတ္တုနဲ့တွင်းထွက်ပစ္စည်းတွေ တရားမဝင်ထုတ်လုပ်ရောင်းချနေတာတွေဟာ ပမာဏတစ်ခုအထိ များပြားနေဆဲ ဖြစ်တယ်လို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံးဝန်ကြီးဌာန(၂) ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်က ပြောပါတယ်။
ဒီဇင်ဘာ၂၆ ရက် ညနေပိုင်းက နေပြည်တော် ပြည်ထောင်စုနယ်မြေရှိ HOTEL MAX ၊ ကုမုဒြာခန်းမမှာပြုလုပ်တဲ့ တရုတ်အာဆီယံ(မြန်မာ)ဘူမိသိပ္ပံပူးပေါင်းဆောင်ရွက်ရေးညီလာခံနှင့် မြန်မာ-တရုတ်သတ္ထုနှင့်ကျောက်မျက် အသင်း စတင်တည်ထောင်ခြင်းအခမ်းအနားမှာ အခုလို ထည့်သွင်းပြောကြားခဲ့တာပါ။ သတ္တုနဲ့တွင်းထွက်ပစ္စည်းတွေ တရားမဝင်ထုတ်လုပ်ရောင်းချနေတာတွေဟာ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ထိခိုက်ပျက်ဆီးမှုတွေ၊ နိုင်ငံရေးနဲ့လုံခြုံရေးဆိုင်ရာထိခိုက်မှုတွေ၊ တရားဥပဒေစိုးမိုးရေးနဲ့ ပြည်သူတွေရဲ့ လူမှုစီးပွားဘဝ ထိခိုက်မှုတွေကို ဖြစ်ပေါ်စေနိုင်တယ်လို့ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်က ပြောပါတယ်။
မြန်မာနိုင်ငံဟာ အရှေ့တောင်အာရှမှာ သတ္တုနဲ့ကျောက်မျက် မြေအောက်သယံဇာတမျိုးစုံ ကြွယ်ဝတဲ့နိုင်ငံဖြစ်ပြီး ကမ္ဘာပေါ်မှာ အရည်အသွေးအကောင်းဆုံး ကျောက်စိမ်း၊ပတ္တမြား၊ ပယင်း၊ နီလာနဲ့ မြ စတဲ့ အဖိုးတန်ကျောက်မျက် ရတနာတွေ၊ ရွှေ၊ ငွေ၊ ခဲ၊ ခဲမဖြူ၊ အဖြိုက်နက်၊ သံဖြူကနေ ဒီနေ့ခေတ်မှာအရေးပါလာတဲ့ မြေရှားဒြပ်စင်တွေအထိ မြန်မာနိုင်ငံကထွက်ရှိတဲ့သတ္တုပေါင်းစုံဟာ ကမ္ဘာ့ဈေးကွက်မှာ ခိုင်ခိုင်မာမာနေရာရယူထားပြီး ဖြစ်တယ်လို့လည်း ပြောကြားခဲ့ပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်က ပြည်ပကို သတ္တုတွင်းထွက် တင်ပို့မှုကနေ အမေရိကန်ဒေါ်လာ ၂၇၁ သန်း ကျော် ရရှိခဲ့တယ်လို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနရဲ့ အချက်အလက်တွေအရ သိရပါတယ်။