ပြည်သူ့စစ်မှုထမ်းစာရင်းကောက်ယူရာမှာ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးတွေက မသမာမှုတွေ မရှိစေရေး အတွက် အလေးထားကြပ်မတ်ဆောင်ရွက်ကြဖို့ လိုအပ်တယ်လို့ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့ ဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်နဲ့ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်းက ပြောပါ တယ်။
ဇူလိုင် ၁၂ ရက်က ကာကွယ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမမှာ ကျင်းပတဲ့ ပြည်သူ့စစ်မှုထမ်း ဆင့်ခေါ်ရေးဗဟိုအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးမှာ ပြောကြားခဲ့တာပါ။
ပြည်သူ့စစ်မှုထမ်းစာရင်းကောက်ယူရာမှာ ဥပဒေပါ သတ်မှတ်အသက် မပြည့်မီသူနဲ့ အသက်ကျော်လွန်သူတွေ မပါ ရှိစေရေး၊ ကာယကံရှင်ဆန္ဒမပါဘဲ အတင်းအကျပ်စာရင်းသွင်းတာ မရှိစေရေး၊ အစားထိုးပေးပို့မှုတွေ မရှိစေရေး အလေးထား ကြပ်မတ်ဆောင်ရွက်ဖို့ ဗိုလ်ချုပ်ကြီး တင်အောင်စန်းက ပြောပါတယ်။
ကင်းလွတ်ခွင့်၊ လျှော့ပေါ့ခွင့်၊ ရွှေ့ဆိုင်းခွင့်တွေ တင်ပြမှုနဲ့ ပတ်သက်ပြီးလည်း စနစ်တကျစိစစ်ပြီး သတ်မှတ်ချိန် အတွင်း တင်ပြဖို့ လိုအပ်တယ်လို့လည်း ဆိုပါတယ်။
စစ်မှုထမ်းစာရင်းပေးပြီးမှ အကြောင်းမဲ့ပျက်ကွက်သူတွေ၊ သင်တန်းကျောင်းရောက်ပြီးမှ ခွင့်မဲ့ပျက်ကွက်သူတွေ၊ စစ်မှုထမ်းကိုယ်ပိုင်အမှတ်ရပြီးမှ ခွင့်မဲ့ပျက်ကွက်သူတွေအတွက် ဥပဒေနဲ့အညီ ဆောင်ရွက်ဖို့ကိုလည်း ဗိုလ်ချုပ်ကြီး တင်အောင်စန်းက ပြောပါတယ်။
လက်ရှိအချိန်မှာတော့ ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ်(၁)ကနေ (၃) အထိ ဖွင့်လှစ်နိုင်ခဲ့ပြီး သင်တန်းအမှတ်စဉ်(၄)အတွက် လျာထားချက်ပြည့်မီအောင် ဖွင့်လှစ်နိုင်ရေး စီမံ ဆောင်ရွက်ထားတယ်လို့လည်း သိရပါတယ်။