ကမ္ဘာ့ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီက ဇွန်လ၂၆ ရက်မှာ ထုတ်ပြန်ခဲ့တဲ့ အစီရင်ခံစာမှာ မြန်မာနိုင်ငံက ဘဏ်တွေကို အရေးယူဆောင်ရွက်ပေးဖို့ တောင်းဆိုထားတာနဲ့ပတ်သက်ပြီး ပြင်းထန်စွာကန့်ကွက်တယ်လို့ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ မြန်မာနိုင်ငံဘဏ်များအသင်း၊ နိုင်ငံပိုင်ဘဏ်တွေ၊ ပုဂ္ဂလိကဘဏ်တွေက ဇွန်လ၂၈ ရက်မှာ ပူးတွဲထုတ်ပြန်ချက် ထုတ်ပြန်ထားပါတယ်။
မြန်မာနိုင်ငံရဲ့လူ့အခွင့်အရေးချိုးဖောက်မှုတွေမှာ အပြည်ပြည်ဆိုင်ရာဘဏ်တွေ၊ ပြည်တွင်းနိုင်ငံပိုင်ဘဏ်နဲ့ ပုဂ္ဂလိကဘဏ်တချို့က ပါဝင်ဆောင်ရွက်နေတာကြောင့် အရေးယူပေးဖို့ တောင်းဆိုမှုတွေ၊ ရေးသားဖော်ပြချက် တွေဟာ မြန်မာပြည်သူတွေရဲ့ အကျိုးစီးပွားကို ထိခိုက်စေတဲ့အပြင် မြန်မာနိုင်ငံနဲ့ ပြည်ပနိုင်ငံတွေအကြား ဆက်ဆံရေးကိုလည်း ထိခိုက်စေတာကြောင့် အဲဒီအရေးအသားအပေါ် ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

နိုင်ငံပိုင်ဘဏ်တွေအပါအဝင် ပြည်တွင်းဘဏ်တွေအားလုံးက မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ချမှတ်ထားတဲ့ ဘဏ်နဲ့ဆက်သွယ်ဆောင်ရွက်သူတွေရဲ့ အချက်အလက်တွေကို သေချာစွာ စိစစ်ရယူခြင်းဆိုင်ရာ လုပ်ငန်းစဉ် တွေကို တိကျစွာ လိုက်နာဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။
ဒါ့အပြင်မြန်မာနိုင်ငံရဲ့ ပြည်တွင်းပြည်ပ ငွေကြေးလွှဲပြောင်းမှုတွေကလည်း မြန်မာနိုင်ငံသားတွေအတွက် မရှိမဖြစ်လိုအပ်တဲ့ ဆေးနဲ့ဆေးအထောက်အကူပြုပစ္စည်းတွေ၊ စိုက်ပျိုးရေးနဲ့ မွေးမြူရေးလုပ်ငန်းသုံးပစ္စည်းတွေ၊ ဓာတ်မြေဩဇာ၊ စက်သုံးဆီ၊ စားသုံးဆီတင်သွင်းမှုတွေအတွက် ဆောင်ရွက်တာဖြစ်ပြီး ဘဏ်တွေအနေနဲ့ ငွေပေးချေမှုတွေ ပြုလုပ်ရာမှာ ကုန်သွယ်မှုဆိုင်ရာ သက်သေခံစာရွက်စာတမ်းအထောက်အထားတွေရယူပြီး စိစစ်ဆောင်ရွက်ပေးနေတယ်လို့ ထုတ်ပြန်ထားပါတယ်။