နစကဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို မြန်မာနိုင်ငံဆိုင်ရာ အီသီယိုပီးယား သံအမတ်ကြီးက ဇူလိုင် ၁၁ ရက်မှာ သံအမတ်ခန့်အပ်လွှာ လာရောက်ပေးအပ်ပြီး နှစ်နိုင်ငံအစိုးရအချင်းချင်း ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးဆိုင်ရာကိစ္စရပ်တွေကို ဆွေးနွေးခဲ့တယ်လို့ နစကသတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်ပါတယ်။
အဲဒီလို ဆွေးနွေးရာမှာ နှစ်နိုင်ငံအကြား သံတမန်ဆက်ဆံရေးဆိုင်ရာကိစ္စရပ်တွေ၊ ယဉ်ကျေးမှုကဏ္ဍ၊ ပညာရေး ကဏ္ဍ၊ စိုက်ပျိုးရေးကဏ္ဍ၊ ကျန်းမာရေးကဏ္ဍ၊ ခရီးသွားကဏ္ဍ၊ အားကစားကဏ္ဍတွေ အပါအဝင် အိစုးရအချင်းချင်း ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးဆိုင်ရာကိစ္စတွေ၊ ကုန်သွယ်မှုတွေ အပြန်အလှန် တိုးမြှင့်ဆောင်ရွက်နိုင်မယ့် အခြေအနေတွေကို ဆွေးနွေးခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် မြန်မာ့နိုင်ငံရေးဖြစ်ပေါ် ပြောင်းလဲမှုအခြေအနေတွေနဲ့ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ကျင်းပနိုင်ဖို့ ကြိုတင်ပြင်ဆင်ဆောင်ရွက်နေမှုတွေကိုလည်း ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။
အခုခန့်အပ်လွှာပေးအပ်ခဲ့တဲ့ မြန်မာနိုင်ငံဆိုင်ရာ အီသီယိုပီးယားသံအမတ်ကြီးဟာ ဂျပန်နိုင်ငံဆိုင်ရာ အီသီယိုပီးယားသံအမတ်ကြီးအဖြစ်လည်း တာဝန်ထမ်းဆောင်နေသူ ဖြစ်ပါတယ်။