အာဆီယံမိသားစုမှာ မြန်မာနိုင်ငံမပါလို့မဖြစ်ဘူးလို့ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ၊ နိုင်ငံရေးရာဗျူရို အဖွဲ့ဝင်၊ နိုင်ငံခြားရေးဝန်ကြီးမစ္စတာဝမ်ယိက ပြောကြားခဲ့တယ်လို့ မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံးကထုတ်ပြန် ပါတယ်။
ဩဂုတ် ၁၆ ရက်က ထိုင်းနိုင်ငံမှာကျင်းပတဲ့ (၉)ကြိမ်မြောက် လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်မှု နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးအပြီး မစ္စတာဝမ်ယိက သတင်းထောက်တွေနဲ့တွေ့ဆုံရာမှာ အခုလိုပြောကြားလိုက်တာဖြစ်တယ်လို့ ဆိုပါတယ်။

အာဆီယံရဲ့ မြန်မာနိုင်ငံနဲ့ပတ်သက်တဲ့ ဘုံသဘောတူညီချက်ငါးရပ် အကောင်အထည်ဖော်ဆောင်ရွက်မှုကို ထောက်ခံအားပေးကြောင်း၊ အာဆီယံက ကြားဝင်စေ့စပ်တဲ့ အဓိကလမ်းကြောင်းအနေနဲ့ အာဆီယံနည်းလမ်းနဲ့ မြန်မာနိုင်ငံအရေးကိစ္စ အဆင်ပြေချောမွေ့စွာညှိနှိုင်းဖြေရှင်းခြင်း(Soft Landing) ဖော်ဆောင်ဖို့ ထောက်ခံအားပေးပါကြောင်းနဲ့ ဘက်အသီးသီးက မြန်မာနိုင်ငံတည်ငြိမ်မှု၊ ပြန်လည်သင့်မြတ်မှုနဲ့ ဖွံ့ဖြိုးတိုးတက်မှုဖော်ဆောင်ဖို့အတွက် အပြုသဘောဆောင်တဲ့ အခန်းကဏ္ဍကနေ ပါဝင်ဖို့ မျှော်လင့်ပါကြောင်း ပြောကြားခဲ့တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။
မစ္စတာဝမ်ယိဟာ အခုအစည်းအဝေးမကျင်းပမီ ဩဂုတ် ၁၄ ရက်က နေပြည်တော်ကိုလာရောက်ခဲ့ပြီး နစကဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၊ ဗိုလ်ချုပ်မှူးကြီး(အငြိမ်းစား)ဦးသန်းရွှေ၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေတို့နဲ့တွေ့ဆုံခဲ့ပါတယ်။