နိုင်ငံတစ်ဝန်းလုံး အရေးပေါ်အခြေအနေ ကြေညာထားတဲ့ ကာလကို နောက်ထပ် ၆ လ တိုးမြှင့်သတ်မှတ်လိုက်ကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီအစည်းအဝေးက ဆုံးဖြတ်လိုက်ပါတယ်။

ဇူလိုင် ၃၁ ရက်က ကျင်းပတဲ့ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီအစည်းအဝေးမှာ ယာယီသမ္မတ(တာဝန်) တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အပါအဝင် ကာ/လုံ အဖွဲ့ဝင်တွေ အားလုံးက ဆုံးဖြတ်လိုက်တာ ဖြစ်တယ်လို့ဆိုပါတယ်။

ကာ/လုံအစည်းအဝေးကိုတော့ ယာယီသမ္မတ ဦးမြင့်ဆွေဟာ လက်ရှိကျန်းမာရေးအခြေအနေအရ ဆေးခွင့်ယူပြီး ဆေးကုသမှုခံယူနေတဲ့အတွက် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီဆိုင်ရာကိစ္စရပ်တွေကို လိုအပ်သလို ဆောင်ရွက်နိုင်ဖို့အတွက် နစကဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ထံ ယာယီသမ္မတ တာဝန်ဝတ္တရားတွေကို လွှဲပြောင်းအပ်နှံထားတာဖြစ်ပါတယ်။
ယာယီသမ္မတ(တာဝန်) တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က နယ်မြေဒေသတည်ငြိမ်အေးချမ်းရေး ဆောင်ရွက်ဖို့ လိုအပ်နေမှု အခြေအနေ၊ ရွေးကောက်ပွဲကျင်းပရာမှာ ခိုင်လုံမှန်ကန်တဲ့ မဲစာရင်းတွေရရှိရေးအတွက် လူဦးရေ နဲ့ အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူတဲ့လုပ်ငန်းတွေ ဆောင်ရွက်ဖို့ မဖြစ်မနေလိုအပ်တဲ့ အခြေအနေတွေကြောင့် ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အညီ တာဝန်ထမ်းဆောင်ခွင့်ကို ထပ်မံပြီး ၆ လ သက်တမ်းတိုးမြှင့်ပေးနိုင်ဖို့ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၂၅ အရ တင်ပြခဲ့တယ်လို့ သိရပါတယ်။
တင်ပြချက်အပေါ် ကာ/လုံအဖွဲ့ဝင်တွေ အထူးဖိတ်ကြားထားသူတွေက ဝိုင်းဝန်းသုံးသပ်ဆွေးနွေးခဲ့ပြီးနောက် ယာယီသမ္မတ(တာဝန်) တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်အပါအဝင် ကာ/လုံ အဖွဲ့ဝင်တွေအားလုံးက ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၂၅ နဲ့ အညီ နိုင်ငံတစ်ဝန်းလုံး အရေးပေါ်အခြေအနေ ကြေညာထားတဲ့ကာလကို နောက်ထပ် ၆ လ တိုးမြှင့်သတ်မှတ်ကြောင်း တစ်ညီတစ်ညွတ်တည်းဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။
ကာ/လုံ အစည်းအဝေးတွေကိုတော့ ယာယီသမ္မတ(တာဝန်) တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်၊ ဒုတိယတပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ကာကွယ်ရေး ဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း၊ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်း၊ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်၊ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်နဲ့ အထူးဖိတ်ကြားထားသူတွေ တက်ရောက်ခဲ့ပါတယ်။