အဂတိလိုက်စားမှုဆိုတာကို သာမန်အားဖြင့် လာဘ်ပေးလာဘ်ယူလောက်သာ ထင်မှတ်ကြပေမယ့် တကယ်တော့ လူ့ဘောင်လောကမှာ ကျယ်ပြန့်နက်ရှိုင်းတဲ့ မကောင်းမှုကြီးဖြစ်တယ်လို့ နစကဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောပါတယ်။

ဒီဇင်ဘာလ ၉ ရက်ကကျင်းပတဲ့ အပြည်ပြည်ဆိုင်ရာ အဂတိ လိုက်စားမှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အခမ်းအနားမှာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က အခုလို ပြောကြား လိုက်တာပါ။ခြိမ်းခြောက်ငွေညှစ်တာ၊ လိမ်လည်တာ၊ နိုင်ငံတော်ဘဏ္ဍာနဲ့ပစ္စည်းတွေကို အလွဲသုံးစားလုပ်တာ၊ ပြည်သူပိုင် ပစ္စည်းငွေကြေးတွေကို ကိုယ်ကျိုးအတွက် မသင့်မလျော်သုံးစွဲတာ၊ မလျော်ဩဇာသုံးပြီး ကိုယ်ကျိုးအတ္တကို ရယူတာ စတာတွေကလည်း အဂတိလိုက်စားမှုဖြစ်တယ်လို့ ဆိုပါတယ်။

မိမိတို့နိုင်ငံမှာ အဂတိလိုက်စားမှု ကင်းရှင်းစေရေးအတွက် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကို အမျိုးသားရေး တာဝန်တစ်ရပ်အဖြစ် တက်ညီလက်ညီဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်သွားကြဖို့လည်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တိုက်တွန်းပြောကြားခဲ့ပါတယ်။