၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်းကောက်ယူရာမှာ လုံခြုံရေးအပြည့်အဝယူပြီး ကောက်ယူနိုင်ရေးအတွက် ကြိုတင်စီစဉ်ရမှာဖြစ်တယ်လို့ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်က ပြောပါတယ်။
ဇွန်လ၂၈ ရက်က ပြုလုပ်တဲ့ မြေပြင်ကွင်းဆင်းကောက်ယူရေး ကြီးကြပ်မှုဗဟိုကော်မတီ လုပ်ငန်းညှိနှိုင်း အစည်း အဝေးမှာ ဗဟိုကော်မတီဥက္ကဋ္ဌလည်းဖြစ်တဲ့ ဦးမြင့်ကြိုင်က အခုလို ပြောကြားလိုက်တာပါ။

သန်းခေါင်စာရင်းကောက်ယူတဲ့လုပ်ငန်းစဉ်ကို လာမယ့်အောက်တိုဘာ ၁ ရက်ကနေ ၁၅ ရက်အထိ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ဆောင်ရွက်သွားမှာဖြစ်ပြီး လိုအပ်ရင် စာရင်းကောက်မယ့်ရက် တိုးမြှင့်ကောက်ယူနိုင်ဖို့ကိုလည်း ပြင်ဆင်ထားရမယ်လို့ ဆိုပါတယ်။
မြေပြင်ကွင်းဆင်းကောက်ယူခဲ့တဲ့ အချက်အလက်တွေထဲက အသက် ၁၈ နှစ်နဲ့အထက် အတည်ပြုလူဦးရေစာရင်း ကိုလည်း ပြည်လုံးကျွတ်သန်းခေါင်စာရင်းရဲ့ ရှေ့ပြေးလူဦးရေစာရင်းနဲ့ ပြိုင်တူတင်ပြပြီး တိကျမှန်ကန်တဲ့ မဲစာရင်း ထုတ်ပြန်နိုင်ရေး ဆောင်ရွက်သွားမှာဖြစ်တယ်လို့လည်း ဦးမြင့်ကြိုင်က ပြောကြားခဲ့ပါတယ်။