ရှမ်းပြည်နယ်(မြောက်ပိုင်း)အခြေအနေနဲ့ ပတ်သက်ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်တွေအနေနဲ့ လက်ရှိနေရာတွေရဲ့ လုံခြုံရေးနဲ့ လာရောက်ခိုလှုံနေတဲ့ပြည်သူတွေ ဘေးအန္တရာယ်ကင်းရေးကို ဦးစားပေးစဉ်းစားပြီး ဆုတ်ခွာခဲ့ရတာရှိတယ်လို့ နစကဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောပါတယ်။
ဩဂုတ် ၅ ရက်မှာ နိုင်ငံတော်ရဲ့လုံခြုံရေးဆိုင်ရာ အခြေအနေတွေနဲ့ပတ်သက်ပြီး ပြည်သူလူထုကို နိုင်ငံပိုင်ရုပ်မြင်သံကြားကနေ ပြောကြားရာမှာ ထည့်သွင်းပြောကြားခဲ့တာပါ။

လက်နက်ကိုင်ပဋိပက္ခကို နိုင်ငံရေးအရမဖြေရှင်းဘဲ တိုက်ခိုက်မှုနဲ့ဖြေရှင်းနေမှုတွေကို ယဉ်ကျေးတဲ့လူအဖွဲ့ အစည်းအနေနဲ့ လုံးဝလက်ခံလို့မရတာကြောင့် ဘုံရန်သူအဖြစ်သတ်မှတ်ပြီး ရှမ်းပြည်နယ်မြောက်ပိုင်းဒေသကိုသာမဟုတ်ဘဲ နိုင်ငံတစ်ဝန်းလုံး တည်ငြိမ်အေးချမ်းမှု ပြန်လည်ရရှိတဲ့အထိ ဆက်လက်ကြိုးပမ်း ဆောင်ရွက်သွားမှာဖြစ်တယ်လို့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကပြောပါတယ်။
တရုတ်-မြန်မာနယ်စပ်မှာ ရှိတဲ့ EAO နယ်မြေအချို့မှာ လက်နက်ခဲယမ်းစက်ရုံတွေ တည်ထောင်ထားတယ်လို့သိရှိထားပြီး လက်နက် ခဲယမ်းနဲ့ ဖောက်ခွဲရေးပစ္စည်းတွေ ထုတ်လုပ်နေတာကို သိရှိရတယ်လို့လည်းဆိုပါတယ်။
ဒါ့အပြင် MNDAA ၊ TNLA အဖွဲ့တွေနဲ့ ဆက်စပ်အဖွဲ့တွေ အသုံးပြုနေတဲ့ Drop Bomb တွေ၊ ရှော့တိုက်ဒုံးတွေဟာ နည်းပညာအရအဆင့်မြှင့်တင်ပြင်ဆင်ထားပြီး ပြင်ပကြေးစားနည်းပညာရှင်တွေနဲ့ပူးပေါင်းကာ နည်းပညာအရ အဆင့်မြှင့်တင်ထားတာ၊ တိုက်ပွဲမှာအသုံးဝင်အောင် ပြုပြင်ထားတာတွေ တွေ့ရှိရတယ်လို့လည်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားခဲ့ပါတယ်။