ရန်ကုန်မြို့တော်စည်ပင်သာယာနယ်နိမိတ်အတွင်းရှိ မြို့နယ် ၃၁ မြို့နယ်ကို ညမထွက်ရအမိန့် ထုတ်ပြန်လိုက်တယ်လို့ ရန်ကုန်တိုင်းဒေသကြီးအထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ဩဂုတ် ၂၇ ရက်စွဲနဲ့ အမိန့်ထုတ်ပြန်ထားပါတယ်။
ရန်ကုန်စည်ပင်သာယာနယ်နိမိတ်မှာရှိတဲ့ ဆိပ်ကြီးခနောင်တိုနဲ့ ဒလမြို့နယ်တွေမှအပ ကျန် ၃၁ မြို့နယ်အတွင်း ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၁၄၄ အရ မနက် ၁ နာရီကနေ မနက် ၃ နာရီအထိ ညမထွက်ရအမိန့်ကို တားမြစ်ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။

ညမထွက်ရအမိန့်ထုတ်ပြန်ထားတဲ့ မြို့နယ်တွေထဲက စစ်အုပ်ချုပ်ရေးအမိန့်ထုတ်ပြန်ထားတဲ့ မြို့နယ်တွေမှာ စစ်အုပ်ချုပ်ရေးအမိန့် ရုပ်သိမ်းတာမပြုဘူးလို့လည်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ အခုထုတ်ပြန်တဲ့ ညမထွက်ရအမိန့်ဟာ သက်တမ်းတိုးထုတ်ပြန်လိုက်တာဖြစ်ပြီး အများပြည်သူသိအောင် အုပ်ချုပ်ရေးမှူးရုံးတွေမှာ ကပ်ထားတာ၊ ရပ်ကွက်ထဲမှာ အသိပေးကြေညာတာတွေ လုပ်ဆောင်နေတယ်လို့ ရန်ကုန်တိုင်းဒေသကြီးက မြို့နယ်အုပ်ချုပ်ရေးမှူးတစ်ယောက်ကပြောပါတယ်။
အခုထုတ်ပြန်လိုက်တဲ့ ညမထွက်ရအမိန့်ဟာ နောက်ထပ်အမိန့်တစ်စုံတစ်ရာမရမချင်း အတည်ဖြစ်စေရမယ်လို့လည်းထုတ်ပြန်ချက်မှာပါရှိပါတယ်။