ယာယီသမ္မတ တာဝန်ဝတ္တရားတွေကို နစကဥက္ကဋ္ဌထံ လွှဲအပ်ခြင်းကို ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ပြဋ္ဌာန်းချက် တွေနဲ့အညီ ဆောင်ရွက်ခဲ့တာ ဖြစ်တယ်လို့ နစက သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ် ဇော်မင်းထွန်း က ပြောပါတယ်။
ယာယီသမ္မတ ဦးမြင့်ဆွေရဲ့ ကျန်းမာရေးအခြေအနေနဲ့ ပတ်သက်ပြီး အထူးဆေးကုသမှုအဖွဲ့နဲ့ ကုသပေးနေပေမယ့် ယာယီသမ္မတ တာဝန်တွေကို ပြန်လည်ထမ်းဆောင်နိုင်ဖို့ ကျန်းမာရေးအခြေအနေ တိုးတက် ကောင်းမွန်မှု မရှိသေးတဲ့အတွက် တာဝန်လွှဲအပ်ခြင်းကို ဇူလိုင် ၂၂ ရက်က ဆောင်ရွက်ခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။

အကြောင်းအမျိုးမျိုးကြောင့် ယာယီသမ္မတ လစ်လပ်သွားရင် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ(၄၁၉)အရ နိုင်ငံတော်ရဲ့ အုပ်ချုပ်ရေးအာဏာကို သမ္မတကိုယ်စား လက်တွေ့ကျင့်သုံးဆောင်ရွက်နေတဲ့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌကိုပဲ လွှဲပြောင်း ဆောင်ရွက်ရမှာဖြစ်တယ်လို့ ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောပါတယ်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရအနေနဲ့ အန္တိမရည်မှန်းချက်ဖြစ်တဲ့ လွတ်လပ်ပြီးတရားမျှတတဲ့ ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို မလွဲမသွေ ကျင်းပသွားမှာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။