မြန်မာ-တရုတ် နှစ်နိုင်ငံ စွမ်းအင်မျှဝေသုံးစွဲရေးစီမံကိန်း အမြန်ဆုံး အကောင်အထည်ဖော် ဆောင်ရွက်နိုင်ဖို့ အတွက် ဒီဇင်ဘာ ၂၃ ရက်က စွမ်းအင်ဝန်ကြီးဌာနမှာ တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။

အဲဒီတွေ့ဆုံမှုကို စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်နဲ့ တာဝန်ရှိသူတွေ၊ တရုတ်နိုင်ငံဘက်က South-East Asia Crude Oil Pipeline နဲ့ Gas Pipeline ကုမ္ပဏီတွေရဲ့ ဥက္ကဋ္ဌ Mr. Wang Qiang (မစ္စတာ ဝမ်ချန်း) ဦးဆောင်တဲ့အဖွဲ့တို့ ဆွေးနွေးခဲ့ကြတာပါ။တွေ့ဆုံရာမှာ မြန်မာနိုင်ငံမှာ LNG Terminal တည်ဆောက်ပြီး သဘာဝဓာတ်ငွေ့တွေ ထုတ်ယူကာ နှစ်နိုင်ငံ မျှဝေသုံးစွဲခြင်း စီမံကိန်းကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ဖို့အတွက် ဖြစ်နိုင်ခြေနှင့် ဆန်းစစ်ခြင်းတွေကို စတင်နိုင်ရေး ကိစ္စရပ်တွေကို ဆွေးနွေးခဲ့ပါတယ်။

ဒါ့အပြင် တရုတ်နိုင်ငံ ကူမင်းမြို့ကို ဆက်သွယ်ထားပြီးဖြစ်တဲ့ သဘာဝဓာတ်ငွေ့ပိုက်လိုင်းကို ချုံချင့်မြို့အထိ ဓာတ်ငွေ့ပို့လွှတ်နိုင်ရေးအတွက် ပိုက်လိုင်း အဆင့်မြှင့်တင်ရေး၊ နှစ်နိုင်ငံ ရေနံစိမ်း ပိုက်လိုင်းကတစ်ဆင့် ရေနံစိမ်းတွေ ရယူပြီး ရေနံချက် စက်ရုံတွေကို အဆင့်မြှင့်တင် လည်ပတ်နိုင်ရေး အပါအဝင် စွမ်းအင်ကဏ္ဍမှာ တရုတ်နိုင်ငံနဲ့ ပိုမိုပူးပေါင်းဆောင်ရွက်ရေး ကိစ္စရပ်တွေကို ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။