မြန်မာ့အရေးဖြေရှင်းရာမှာ ကုလသမဂ္ဂရဲ့ အပြုသဘောဆောင်တဲ့ အခန်းကဏ္ဍကပါဝင်လုပ်ဆောင်မှုကို တရုတ်နိုင်ငံက ထောက်ခံကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် မစ္စမော်နင်းကပြောပါတယ်။
ဩဂုတ် ၂၂ ရက်က ကျင်းပတဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပုံမှန်သတင်းစာရှင်းလင်းပွဲမှာ မြန်မာနိုင်ငံဆိုင်ရာကုလအထူးကိုယ်စားလှယ် ဂျူလီဘစ်ရှော့ရဲ့ တရုတ်ခရီးစဉ်နဲ့ပတ်သက်ပြီး မေးမြန်းမှုအပေါ် ပြန်လည် ဖြေကြားခဲ့တာပါ။ တရုတ်နိုင်ငံဘက်ကဖိတ်ကြားချက်အရ မြန်မာနိုင်ငံဆိုင်ရာ ကုလအထူးကိုယ်စားလှယ် ဂျူလီဘစ်ရှော့ဟာ တရုတ်နိုင်ငံခြားရေးဝန်ကြီးဝမ်ယိနဲ့ ပေကျင်းမြို့မှာ ဩဂုတ် ၂၀ ရက်ကတွေ့ဆုံဆွေးနွေးခဲ့တာဖြစ်ပါတယ်။

မြန်မာနိုင်ငံအရေးဖြေရှင်းမှုမှာ အပြုသဘောဆောင်တဲ့ အခန်းကဏ္ဍကနေ ပါဝင်လုပ်ဆောင်ရာမှာ တရုတ်နိုင်ငံက ကုလသမဂ္ဂကိုထောက်ခံပြီး သူ့ရဲ့တာဝန်တွေကိုထမ်းဆောင်ရာမှာ ကုလအထူးကိုယ်စားလှယ်ကို ကူညီပံ့ပိုးပေးဖို့အသင့်ရှိတယ်လို့လည်း မစ္စမော်နင်းက သတင်းစာရှင်းလင်းပွဲမှာပြောကြားခဲ့ပါတယ်။
တရုတ်နိုင်ငံဟာ မြန်မာနိုင်ငံရဲ့ အချုပ်အခြာအာဏာ၊ လွတ်လပ်ရေး၊ အမျိုးသားစည်းလုံးညီညွတ်ရေးနဲ့ နယ်မြေစိုးမိုးရေးကို လေးစားပြီး မြန်မာ့ပြည်တွင်းရေးကို ဝင်ရောက်မစွက်ဖက်ဖို့ ကတိကဝတ်ပြုထားတယ်လို့လည်း မစ္စမော်နင်းကပြောပါတယ်။