လူအခွင့်အရေးကောင်စီအနေနဲ့ ဘက်မလိုက်ရေးအခြေခံမူတွေကို လိုက်နာဆောင်ရွက်ဖို့ မြန်မာနိုင်ငံက တောင်း ဆိုကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက ဇူလိုင် ၁၅ ရက်မှာ အသိပေး ထုတ်ပြန်ပါတယ်။
ဂျီနီဗာမြို့မှာ ဇွန်လ ၁၈ ရက်ကနေ ဇူလိုင် ၁၂ ရက်အထိ ကျင်းပခဲ့တဲ့ လူ့အခွင့်အရေးကောင်စီရဲ့ (၅၆)ကြိမ်မြောက် အစည်းအဝေးကာလအတွင်း မြန်မာနိုင်ငံဆိုင်ရာ ဆွေးနွေးပွဲတွေကို သက်ဆိုင်ရာ နိုင်ငံမပါဝင်ဘဲ ကျင်းပခဲ့ပြီး အဲဒီ ဆွေးနွေးပွဲတွေမှာ ကောင်စီရဲ့ အခြေခံမူတွေဖြစ်တဲ့ အပြုသဘောဆောင်တဲ့ ဆွေးနွေးမှုနဲ့ ပူးပေါင်းဆောင်ရွက်မှု စတာတွေနဲ့ သွေဖည်နေတယ်လို့ ဆိုပါတယ်။
လူ့အခွင့်အရေးကောင်စီဟာ အစ္စလာမ်မစ်ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့(အိုအိုင်စီ)က တင်သွင်းတဲ့ မြန်မာနိုင်ငံ ဆိုင်ရာ ဆုံးဖြတ်ချက်အဆိုကိုလည်း အတည်ပြုချမှတ်ခဲ့တယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။
မြန်မာနိုင်ငံလူ့အခွင့်အရေးအခြေအနေဆိုင်ရာ အထူးအစီရင်ခံစာတင်သွင်းသူရဲ့ အစီရင်ခံတင်ပြချက်တွေဟာ မြန်မာနိုင်ငံကို နိုင်ငံတကာအသိုက်အဝန်းက ဖယ်ကြဉ်ဖို့ သိသာစွာ ဦးတည်ထားတယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အစိုးရအနေနဲ့ ၂၀၂၅ ခုနှစ်မှာ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကျင်းပဖို့ ကြိုတင်ပြင်ဆင်နေပြီး နိုင်ငံ တော်တည်ငြိမ်ရေး၊ ငြိမ်းချမ်းရေးနဲ့ သာယာဝပြောရေးအတွက် အစွမ်းကုန်ကြိုးပမ်းဆောင်ရွက်နေတယ်လို့လည်း ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
အဲဒါကြောင့် ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီအနေနဲ့ အဖွဲ့ဝင်နိုင်ငံတွေနဲ့ ထိတွေ့ဆက်ဆံရာမှာ ဘက်မလိုက် ရေး အခြေခံမူတွေကို ကျင့်သုံးဖို့နဲ့ ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနဲ့ ဒီမိုကရေစီလမ်းကြောင်း ဖော်ဆောင်ရေးတို့ အတွက် စစ်မှန်တဲ့ ကြိုးပမ်းမှုတွေကို ဟန့်တားခြင်း မပြုလုပ်ဖို့ မြန်မာနိုင်ငံက တောင်းဆိုတယ်လို့လည်း ထုတ်ပြန် ထားပါတယ်။