ပြည်သူ့လုံခြုံရေးနဲ့ အကြမ်းဖက်နှိမ်နင်းရေး ဗဟိုကြီးကြပ်ကွပ်ကဲမှုအဖွဲ့ကို ဖွဲ့စည်းလိုက်တယ်လို့ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီက ဩဂုတ် ၁၆ ရက်စွဲနဲ့ အမိန့်ကြော်ငြာစာ ထုတ်ပြန်ပါတယ်။
အဲဒီအဖွဲ့မှာတော့ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ဥက္ကဋ္ဌအဖြစ် တာဝန်ယူမှာဖြစ်ပြီး ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးက ဒုတိယဥက္ကဋ္ဌ(၁)နဲ့ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးက ဒုတိယ ဥက္ကဋ္ဌ(၂) အဖြစ် တာဝန်ယူ ဆောင်ရွက်မှာ ဖြစ်တယ်လို့ သိရပါတယ်။
အဖွဲ့ဝင်တွေအဖြစ် တွဲဖက်စစ်ရေးချုပ်၊ တွဲဖက်စစ်ထောက်ချုပ်၊ တိုင်းစစ်ဌာနချုပ်တွေက ဒုတိယတိုင်းမှူးတွေ၊ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေက နယ်/လုံ ဝန်ကြီးတွေ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ် စတဲ့ သူတွေ ပါဝင်ပြီး အတွင်း ရေးမှူးအနေနဲ့ ဥက္ကဋ္ဌက တာဝန်ပေးအပ်ထားသူ တစ်ယောက်ပါဝင်တယ်လို့ အမိန့်ကြော်ငြာစာအရ သိရပါတယ်။

အဖွဲ့ရဲ့ လုပ်ငန်းတာဝန်အနေနဲ့ ဆင်နွှဲနေတဲ့ တိုက်ပွဲတွေနဲ့ ကိုက်ညီတဲ့ လက်နက်နဲ့ စစ်ပစ္စည်းတွေ တပ်ဆင်ပေးဖို့၊ စားနပ်ရိက္ခာထောက်ပံ့ရေးပြင်ဆင်စီစဉ်တာ၊ ထိရောက်စွာ တိုက်ပွဲဝင်နိုင်ရေး အခြေအနေနဲ့ ကိုက်ညီတဲ့ နည်းဗျူ ဟာတွေ လေ့ကျင့်ပေးဖို့၊ နည်းပညာမြင့် စစ်လက်နက်ပစ္စည်းတွေ ကိုင်တွယ်အသုံးပြုနိုင်ဖို့၊ အတတ်ပညာရှင်တွေ ထည့်သွင်းနိုင်ဖို့ ဆောင်ရွက်ရမှာ ဖြစ်တယ်လို့ အမိန့်ကြော်ငြာစာမှာ ဖော်ပြထားပါတယ်။
အဲဒီအပြင် တပ်ဖွဲ့ဝင်တွေရဲ့ တာဝန်ထမ်းဆောင်မှုကာလပေါ် မူတည်ပြီး ပြည်သူ့စစ်မှုထမ်းဥပဒေနဲ့အညီ ရွှေ့ဆိုင်း ခွင့် လျှော့ပေါ့ခွင့်နဲ့ ကင်းလွတ်ခွင့်တွေ ဆောင်ရွက်ပေးရမှာ ဖြစ်သလို ထိခိုက်ဒဏ်ရာရနဲ့ တိုက်ပွဲကျဆုံး တပ်ဖွဲ့ ဝင်တွေအတွက် ထောက်ပံ့ကူညီမှုတွေ ရရှိအောင် ဆောင်ရွက်ပေးရမယ်လို့လည်း အမိန့်ကြော်ငြာစာမှာ ပါရှိပါ တယ်။