ကချင်အမျိူးသားကွန်ဂရက်ပါတီ(KNC)နဲ့ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးပါတီတို့ရဲ့ ပါတီမှတ်ပုံတင်ခွင့် လျှောက်ထားချက်ကို ငြင်းပယ်လိုက်တယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဇူလိုင် ၈ ရက်က သတင်းထုတ်ပြန်ပါတယ်။
နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်း ဥပဒေပုဒ်မ ၂၅ အရ ပါတီဆက်လက်တည်ထောင်မှတ်ပုံတင်ပေးဖို့ ကချင်အမျိုးသားကွန်ဂရက်ပါတီ(KNC)ရဲ့ လျှောက်ထားချက်အပေါ် သက်ဆိုင်ရာ ဝန်ကြီးဌာနတွေရဲ့ စိစစ်ပြန်ကြားချက်တွေ အရ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေပုဒ်မ ၆ ပါ ပြဋ္ဌာန်းချက်တွေနဲ့ ညီညွတ်ခြင်းမရှိတာကြောင့် ငြင်းပယ်လိုက်တာဖြစ်ပါတယ်။

အလားတူ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးပါတီရဲ့ လျှောက်ထားချက်အပေါ်ကိုလည်း သက်ဆိုင်ရာဝန်ကြီးဌာနတွေ ရဲ့ စိစစ်ပြန်ကြားချက်တွေအရ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေပုဒ်မ ၅ ပါ ပြဋ္ဌာန်းချက်တွေနဲ့ ညီညွတ်ခြင်း မရှိ တာကြောင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် စုံညီအစည်းအဝေးဆုံးဖြတ်ချက်အရ အခုလို ငြင်းပယ် လိုက်တာ ဖြစ်တယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။
ဒါ့အပြင် ပါတီဆက်လက်တည်ထောင်မှတ်ပုံတင်ခွင့် လျှောက်ထားတဲ့ ကျန်အဖွဲ့တွေကိုလည်း စိစစ်ဆောင်ရွက်နေ တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။