လက်ရှိကာလမှာ ပညာတတ်တွေလည်း လူကုန်ကူးခံရတဲ့ ဖြစ်စဉ်တွေမှာ ပါဝင်နေတယ်လို့ နိုင်ငံတော် စီမံအုပ်ချုပ် ရေး ကောင်စီအဖွဲ့ဝင် ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်က ပြောပါတယ်။
စက်တင်ဘာလ ၁၃ ရက်က ကျရောက်တဲ့ (၁၂)ကြိမ်မြောက် မြန်မာနိုင်ငံလူကုန်ကူးမှုတိုက်ဖျက်ရေးနေ့ကို ပေးပို့တဲ့ သဝဏ်လွှာထဲမှာ လူကုန်ကူးမှုတားဆီးကာကွယ်ရေးဗဟိုအဖွဲ့ ဥက္ကဋ္ဌလည်းဖြစ်တဲ့ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်က အခုလို ပြောကြားထားတာ ဖြစ်ပါတယ်၊၊
မြန်မာနိုင်ငံမှာ အရင်ကာလတွေက ဆင်းရဲနွမ်းပါးမှုနဲ့ အလုပ် အကိုင်အခွင့်အလမ်း နည်းပါးမှုတွေကြောင့် ပညာအရည်အချင်းနိမ့်ပါးသူတွေကို လူကုန်ကူးခံရတဲ့ ပြသာနာတွေ ပေါ်ပေါက်ခဲ့ရာ အခုကာလမှာတော့ ပညာတတ်တွေလည်း လူကုန်ကူးမှုခံရတဲ့ ဖြစ်စဉ်တွေမှာ ပါဝင်နေတယ်လို့ ဆိုပါတယ်၊၊

လူကုန်ကူးသူတွေဟာ တိုးတက်ပြောင်းလဲလာတဲ့ နည်းပညာတွေကို အခြေခံပြီး အွန်လိုင်း social media တွေကို အသုံးပြုကာ မက်လုံးပေးစည်းရုံးတာ၊ အွန်လိုင်းလိမ်လည်မှုခင်းတွေ ကျူးလွန်လာကြရာကနေ အဲဒါတွေနဲ့ဆက်စပ်တဲ့ လူကုန်ကူးမှုတွေ၊ တရားမဝင်လူစုဆောင်းတာတွေ၊ ခေါင်းပုံဖြတ်အမြတ်ထုတ်တာတွေ၊ အဓမ္မခိုင်းစေတာစတာတွေကို ကျူးလွန်နေတာဖြစ်တယ်လို့ သိရပါတယ်၊၊
မြန်မာနိုင်ငံရဲ့ လူကုန်ကူးမှုပြဿနာဟာ အိမ်နီးချင်းနိုင်ငံတွေနဲ့ အရှေ့အလယ်ပိုင်းဒေသရှိ နိုင်ငံအချို့ရဲ့ စျေးကွက် လိုအပ်ချက်တွေနဲ့ချိတ်ဆက်ဖြစ်ပွားနေပြီး နှစ်စဉ်ကိန်းဂဏာန်းတွေအရ ပြည်တွင်းလူကုန်ကူးမှု ၅၆ ရာခိုင်နှုန်းနဲ့ ပြည်ပလူကုန်ကူးမှု ၄၄ ရာခိုင်နှုန်းဖြစ်ပွားနေတာဖြစ်တယ်လို့ သိရပါတယ်၊၊
ပြည်တွင်းလူကုန်ကူးမှုမှာ အဓမ္မပြည့်တန်ဆာပြုမှု၊ အဓမ္မခိုင်းစေမှုတွေက အဓိက ဖြစ်ပွားနေတာဖြစ်ပြီး ပြည်ပ လူကုန်ကူးမှုအနေနဲ့က အဓမ္မလက်ထပ်ထိမ်းမြားတာ၊ အဓမ္မပြည့်တန်ဆာပြုတာ၊ အဓမ္မခိုင်းစေတာ၊ ကြွေးမြီနဲ့ နှောင်ဖွဲ့ခိုင်းစေတာ၊ အဓမ္မမွေးစားတာ၊ ကလေးရောင်းစားမှုနဲ့ အဓမ္မတောင်းရမ်းစေခိုင်းမှုတွေ ဖြစ်ပွားနေတာ ဖြစ်တယ်လို့ သိရပါတယ်၊၊