ပြည်သူ့အင်အားပါတီရဲ့ ပါတီဆက်လက်တည်ထောင်ခွင့် မှတ်ပုံတင် လျှောက်ထားချက်အပေါ် ငြင်းပယ်လိုက်တယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဇူလိုင် ၂၂ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။
အဲဒီပါတီရဲ့ လျှောက်ထားချက်အပေါ် သက်ဆိုင်ရာဝန်ကြီးဌာနတွေရဲ့ စိစစ်ပြန်ကြားချက်အရ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေပုဒ်မ ၆ ပါ ပြဋ္ဌာန်းချက်တွေနဲ့ ညီညွတ်ခြင်း မရှိတဲ့အတွက် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် စုံညီအစည်းအဝေး ဆုံးဖြတ်ချက်အရ ငြင်းပယ်လိုက်တာလို့ ဆိုပါတယ်။

ပြည်သူ့အင်အားပါတီရဲ့ ပါတီမှတ်ပုံတင်ခွင့် လျှောက်ထားချက်ကို နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းနည်းဥပဒေပါ ပုံစံ(ဆ)နဲ့ ငြင်းပယ်လိုက်တာဖြစ်ပြီး ပါတီဆက်လက် တည်ထောင်မှတ်ပုံတင်ခွင့် လျှောက်ထားတဲ့ ကျန်အဖွဲ့တွေ ကိုလည်း စိစစ်ဆောင်ရွက်နေတယ်လို့ ထုတ်ပြန်ထားပါတယ်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို နိုင်ငံရေးပါတီတည်ထောင်လိုသူတွေအနေနဲ့ ပါတီတည်ထောင်ခွင့် လျှောက်ထားကြရာ လက်ရှိအချိန်ထိ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေအသစ်အရ မှတ်ပုံတင်ခွင့်ပြုထားတဲ့ နိုင်ငံရေးပါတီအရေအတွက်က (၅၀)ပါတီရှိပြီ ဖြစ်တယ်လို့ သိရပါတယ်။