နိုင်ငံရေးပါတီတွေရဲ့ လိုအပ်ချက်တွေကို ဥပဒေနဲ့အညီ ကူညီဆောင်ရွက်ပေးမှာဖြစ်တယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးကိုကိုကပြောပါတယ်။
ဩဂုတ် ၂၄ ရက်က ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး အစည်းအဝေးခန်းမမှာကျင်းပတဲ့ ရွေးကောက်ပွဲကော်မရှင်နဲ့ မှတ်ပုံတင်ခွင့်ပြုပြီးတဲ့ နိုင်ငံရေးပါတီတွေ တွေ့ဆုံပွဲမှာပြောကြားခဲ့တာပါ။
တွေ့ဆုံရာမှာတော့ ရွေးကောက်ပွဲကော်မရှင်အနေနဲ့ရွေးကောက်ပွဲအတွက် ဆောင်ရွက်ရမယ့်လုပ်ငန်းတွေကို ကြိုတင်ပြင်ဆင်ဆောင်ရွက်နေသလို နိုင်ငံရေးပါတီတွေအနေနဲ့လည်းမိမိတို့ဆောင်ရွက်ရမယ့်လုပ်ငန်းတွေကို ဆောင်ရွက်နိုင်ရေးအတွက် ဆွေးနွေးဖို့တွေ့ဆုံရတာဖြစ်တယ်လို့ ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးကိုကိုကပြောပါတယ်။

ကော်မရှင်အနေနဲ့ နိုင်ငံရေးပါတီတွေကို ပြဋ္ဌာန်းထားတဲ့ ဥပဒေ၊ နည်းဥပဒေတွေနဲ့အညီဖြစ်စေဖို့ ဆောင်ရွက်ရမှာဖြစ်သလို နိုင်ငံရေးပါတီတွေရဲ့ လိုအပ်ချက်တွေကိုလည်း ဥပဒေနဲ့အညီ ကူညီဆောင်ရွက်ပေးမှာဖြစ်တယ်လို့ဆိုပါတယ်။ နိုင်ငံရေးပါတီတွေအနေနဲ့လည်း မိမိပါတီကို ခိုင်မာအားကောင်းတဲ့ပါတီ၊ မဲဆန္ဒရှင်ပြည်သူက ယုံကြည်အားကိုးတဲ့ပါတီဖြစ်အောင် ဆောင်ရွက်စေလိုတယ်လို့လည်း ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးကိုကိုကပြောပါတယ်။
လက်ရှိမှာတည်ဆဲနိုင်ငံရေးပါတီ ၄၉ ပါတီရှိတဲ့အနက် တစ်နိုင်ငံလုံးစည်းရုံးမယ့် ပါတီက ၉ ပါတီနဲ့ တိုင်းဒေသကြီး ဒါမှမဟုတ် ပြည်နယ်တစ်ခုအတွင်း စည်းရုံးမယ့်ပါတီက ၄၀ ရှိတယ်လို့လည်း ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးကိုကိုကပြောကြားခဲ့ပါတယ်။