၂၀၂၅ ခုနှစ်ပြက္ခဒိန်နှစ်မှာ နိုင်ငံတကာနှစ်သစ်ကူးနေ့နဲ့ တရုတ်နှစ်သစ်ကူးနေ့တို့ကို အများပြည်သူအလုပ်ပိတ်ရက် သတ်မှတ်ထားတယ်လို့ ဇူလိုင် ၈ ရက်မှာ နိုင်ငံပိုင် သတင်းဌာနကနေ ထုတ်ပြန်ကြေညာပါတယ်။ မြန်မာနိုင်ငံမှာ ပြက္ခဒိန်နှစ်တစ်နှစ်ရဲ့ အများပြည်သူ အလုပ်ပိတ်ရက်တွေအဖြစ် ဘာသာရေးဆိုင်ရာ နေ့ထူး နေ့မြတ်တွေ၊ နိုင်ငံတော်ရဲ့ ထူးခြားသမိုင်းဝင်တဲ့နေ့ရက်တွေ၊ မြန်မာနှစ်သစ်ကူးနေ့ရက်တွေ၊ ကရင်နှစ်သစ်ကူး နေ့ရက်တွေကို နှစ်စဉ်ပြက္ခဒိန်နှစ် တစ်နှစ်မစတင်မီ နိုင်ငံတော်အစိုးရက ကြိုတင်ထုတ်ပြန်ပေးရတယ်လို့ ဆိုပါတယ်။
၂၀၂၅ ခုနှစ် ပြက္ခဒိန်နှစ်အတွက် အများပြည်သူ အလုပ်ပိတ်ရက်တွေကို ထုတ်ပြန်ထားပြီးဖြစ်ရာ မြန်မာနိုင်ငံဟာ နိုင်ငံတကာမိသားစုဝင် နိုင်ငံတစ်နိုင်ငံ ဖြစ်တဲ့အတွက် ဇန်နဝါရီ ၁ ရက် နိုင်ငံတကာနှစ်သစ်ကူးနေ့ကို အများပြည် သူ အလုပ်ပိတ်ရက်အဖြစ် သတ်မှတ်ထားတယ်လို့ ဆိုပါတယ်။

တရုတ်နှစ်သစ်ကူးနေ့ကိုလည်း ဒေသတွင်း အခြားအာဆီယံနိုင်ငံတွေ၊ အချို့ကမ္ဘာ့နိုင်ငံတွေနဲ့ အိမ်နီးချင်း မိတ်ဖက်နိုင်ငံဖြစ်တဲ့ တရုတ်နိုင်ငံနဲ့ ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရင်းနှီးမှုကို ပိုမိုခိုင်မာစေဖို့ မြန်မာနိုင်ငံရဲ့ အများပြည်သူ အလုပ်ပိတ်ရက်အဖြစ် သတ်မှတ်ထားတယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဒါ့အပြင် မြန်မာနိုင်ငံနယ်ပယ်အသီးသီးက တရုတ်နှစ်သစ်ကူးနေ့ကို အလွန်အလေးထားပါကြောင်း ၂၀၂၃ ခုနှစ်နဲ့ ၂၀၂၄ ခုနှစ်မှာ မြန်မာနိုင်ငံအကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ မြန်မာနိုင်ငံ တရုတ်နွယ်ဖွားလောက နဲ့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက ရန်ကုန်မြို့မှာ အတူတကွကျင်းပတဲ့ တရုတ်နှစ်သစ်ကူး နွေဦးပွဲတော် ဂုဏ်ပြုအခမ်းအနားတွေကို တက်ရောက်ခဲ့ပါကြောင်း အဲဒီ အခမ်းအနားမှာ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံ အမတ်ကြီး မစ္စတာ ချန်းဟိုင်က ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တရုတ်နှစ်သစ်ကူးနေ့ကို မြန်မာနိုင်ငံ အများ ပြည်သူအလုပ်ပိတ်ရက်အဖြစ် သတ်မှတ်ဖို့ ကိစ္စရပ်တွေနဲ့ ပတ်သက်ပြီး ဆွေးနွေးခဲ့တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက ထုတ်ပြန်ထားပါတယ်။