ရုရှားဖက်ဒရေးရှင်းနိုင်ငံကို နိုင်ငံတော်အဆင့်ခရီးစဉ်အဖြစ် ရောက်ရှိနေတဲ့ နစကဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဦးဆောင်တဲ့ မြန်မာကိုယ်စားလှယ်အဖွဲ့ဟာ ရုရှားဖက်ဒရေးရှင်းနိုင်ငံ အစိုးရအဖွဲ့ဝန်ကြီးချုပ် မစ္စတာ မီဟိုင်းမစ်ရှုစတင်နဲ့ မတ်လ၄ရက် ဒေသစံတော်ချိန် နေ့လယ်၁၂နာရီက မော်စကိုမြို့ရှိ ရုရှားအစိုးရအဖွဲ့အိမ်တော်မှာ တွေ့ဆုံပါတယ်။

အဲဒီတွေ့ဆုံပွဲကို နစကဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့အတူ ကောင်စီတွဲဖက်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီးရဲဝင်းဦး၊ ကောင်စီဝင် ဗိုလ်ချုပ်ကြီးညိုစော၊ ပြည်ထောင်စုဝန်ကြီးတွေ၊ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ ရုရှားနိုင်ငံဆိုင်ရာ မြန်မာသံမတ်ကြီး ဦးသစ်လင်းအုန်းနဲ့ ကာကွယ်ရေးဦးစီးချုပ်ရုံးက အဆင့်မြင့်တပ်မတော်အရာရှိကြီးတွေ၊ မြန်မာစစ်သံ (ကြည်း၊ ရေ၊ လေ)နဲ့ တာဝန်ရှိသူတွေ၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံဝန်ကြီးချုပ်နဲ့အတူ အစိုးရအဖွဲ့ဝန်ကြီးတွေ၊ တာဝန်ရှိသူတွေတက်ရောက်ကြပါတယ်။

ရှေးဦးစွာ ရုရှားဖက်ဒရေးရှင်းနိုင်ငံဝန်ကြီးချုပ်က နစကဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်အနေနဲ့ အခုလို မိမိတို့နိုင်ငံကို ချစ်ကြည်ရေးခရီးစဉ်လာရောက်မှုအတွက် များစွာဂုဏ်ယူဝမ်းမြောက်ပါကြောင်း၊ အာရှပစိဖိတ်ဒေသမှာ မြန်မာနိုင်ငံဟာ ရုရှားနိုင်ငံရဲ့ အဓိကလုပ်ဖော်ကိုင်ဘက် မဟာမိတ်နိုင်ငံတစ်ခုဖြစ်ပါကြောင်းနဲ့ ချစ်ကြည်ရေးခရီးစဉ်လာရောက်မှုမှတစ်ဆင့် နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုနဲ့ပူးပေါင်းဆောင်ရွက်မှုတွေကို ပိုမိုတိုးတက်စေမှာဖြစ်ကြောင်း ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားပါတယ်။

ဆက်လက်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က အခုလိုတွေ့ဆုံရတဲ့အတွက် ဝမ်းမြောက်ပါကြောင်း၊ နှစ်နိုင်ငံသံတမန်ဆက်ဆံမှုဟာ ၇၇နှစ် ပြည့်မြောက်ကျော်လွန်ခဲ့ပြီဖြစ်ပြီး နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှုနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ တိုးတက်ကောင်းမွန်နေကြောင်း ပြန်လည်ပြောကြားပါတယ်။

အဲဒီနောက် ဆွေးနွေးရာမှာ နှစ်နိုင်ငံအကြားချစ်ကြည်ရင်းနှီးမှုနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ တိုးမြှင့်ဆောင်ရွက်ရေးဆိုင်ရာကိစ္စရပ်တွေ၊ ကုန်သွယ်မှုကဏ္ဍ၊ စက်မှုကဏ္ဍ၊ ကုန်ထုတ်လုပ်မှုကဏ္ဍ၊ စိုက်ပျိုးရေးကဏ္ဍနဲ့ ရင်းနှီးမြှုပ်နှံမှုကဏ္ဍတွေမှာ ပူးပေါင်းဆောင်ရွက်မှုတွေ တိုးမြှင့်ဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်တွေ၊ အာကာသနဲ့ ဂြိုလ်တုနည်းပညာဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး၊ နှစ်နိုင်ငံခရီးသွားလုပ်ငန်းတွေ အပြန်အလှန်တိုးတက်လာစေရေး၊ မြန်မာနိုင်ငံကို ရုရှားနိုင်ငံက ရင်းနှီးမြှုပ်နှံမှုတွေ လာရောက်ရင်းနှီးမြှုပ်နှံစေရေးဖိတ်ခေါ်မှုတွေ၊ နှစ်နိုင်ငံအကြား သဘောတူညီမှုစာချွန်လွှာတွေ လက်မှတ်ရေးထိုးနိုင်ရေး ကိစ္စရပ်တွေနဲ့ နှစ်နိုင်ငံအကြားအစိုးရအဖွဲ့ အဆင့်မြင့်အရာရှိကြီးတွေ အပြန်အလှန်ချစ်ကြည်ရေးခရီးတွေ လည်ပတ်နိုင်ရေး ကိစ္စရပ်တွေနဲ့ပတ်သက်ပြီး ဆွေးနွေးခဲ့ကြပါတယ်။