China Media Group က စီစဉ်ကျင်းပတဲ့ ပြုပြင်ပြောင်းလဲမှုတွေနဲ့ တရုတ်-မြန်မာ ပူးပေါင်းဆောင်ရွက်မှု အခွင့်အလမ်း ပညာရှင်စကားဝိုင်းကို ဇူလိုင် ၂၇ ရက်၊ နေ့လယ်ပိုင်းက ရန်ကုန်မြို့ တရုတ်ယဉ်ကျေးမှုစင်တာမှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။
အဲဒီ စကားဝိုင်းကိုတော့ ကမ္ဘာလုံးဆိုင်ရာ ပိုးလမ်းမစီမံကိန်း သုတေသနကွန်ရက်အဖွဲ့ဝင် ဦးခင်မောင်စိုး၊ မြန်မာနိုင်ငံ မဟာဗျူဟာနှင့် နိုင်ငံတကာလေ့လာရေးအဖွဲ့ တွဲဖက်အတွင်းရေးမှူး ဦးခင်မောင်ဇော်၊ သေနင်္ဂမဟာဗျူဟာ လေ့လာရေးအဖွဲ့ တည်ထောင်သူနဲ့ အမှုဆောင်ဒါရိုက်တာ ဒေါက်တာနိုင်ဆွေဦးတို့က ဆွေးနွေးခဲ့တာဖြစ်ပြီး အင်တာဗျူးအမေးအဖြေတွေပါ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
ဆွေးနွေးပွဲကိုတော့ တရုတ်နိုင်ငံရဲ့ ပြုပြင်ပြောင်းလဲမှုက တရုတ်-မြန်မာ Belt and Road ပူးပေါင်းဆောင်ရွက်မှုအတွက် အခွင့်အလမ်းသစ်တွေ ဘယ်လိုယူဆောင်လာပေးသလဲဆိုတာကို ဆွေးနွေးခဲ့ကြတာဖြစ်ပါတယ်။

တရုတ်-မြန်မာစီးပွားရေး ပူးပေါင်းဆောင်ရွက်မှု ဖွံ့ဖြိုးတိုးတက်မှုတွေနဲ့ ဆက်စပ်နေရုံမကဘဲ နှစ်နိုင်ငံ ပြည်သူတွေအကြား နက်ရှိုင်းတဲ့ ချစ်ကြည်ရေး၊ ဘုံအနာဂတ်တို့နဲ့လည်း ဆက်စပ်ပြီး ဆွေးနွေးခဲ့ပါတယ်။
တရုတ်ကွန်မြူနစ်ပါတီ ၂၀ ကြိမ်မြောက် ဗဟိုကော်မတီရဲ့ တတိယအကြိမ်စုံညီအစည်းအဝေးက တရုတ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဦးတည်ချက်ညွှန်ပြပေးနေပြီး တရုတ်-မြန်မာ နှစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်မှုနဲ့ ပူးပေါင်း ဆောင်ရွက်မှုတွေအတွက် လမ်းစဖော်ပေးနေတယ်လို့လည်း စကားဝိုင်း ဆွေးနွေးပွဲအရ သိရပါတယ်။