တရုတ်နိုင်ငံက ကူညီထောက်ပံ့တဲ့ ကင်းလှည့်ရေယာဉ် ၆ စင်းကို ဇွန်လ ၁၁ ရက်က မြန်မာနိုင်ငံကို လွှဲပြောင်း ပေးအပ်လိုက်တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက သတင်းထုတ်ပြန်ပါတယ်။ ရေယာဉ်တွေ လွှဲပြောင်းပေး အပ်တဲ့ အခမ်းအနားကိုတော့ ရန်ကုန်မြို့မှာ ပြုလုပ်ခဲ့ပါတယ်။ ဒီစီမံကိန်းကို ၂၀၁၈ ခုနှစ် ဇွန်လက မြန်မာအစိုးရ က တရုတ်အစိုးရကို အဆိုပြုခဲ့တာဖြစ်ပြီး ၂၀၂၀ ပြည့်နှစ် သမ္မတ ရှီကျင့်ဖျင်ရဲ့ မြန်မာနိုင်ငံခရီးစဉ်မှာ လက်မှတ် ရေးထိုးခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

ဒီကင်းလှည့်ရေယာဉ်တွေဟာ မြန်မာနိုင်ငံရဲ့ ရေကြောင်းပို့ဆောင်မှုဘေးကင်းရေး၊ ရေပေါ်ရှာဖွေကယ်ဆယ်ရေးနဲ့ ရေအရင်းအမြစ်ကာကွယ်အသုံးချမှုလုပ်ငန်းတွေကို ပိုမိုကောင်းမွန်စွာ ဆောင်ရွက်ဖို့ ကူညီပေးမှာ ဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
တရုတ်-မြန်မာနှစ်နိုင်ငံက အခုကင်းလှည့်ရေယာဉ်တွေ လွှဲပြောင်းပေးတာကနေ အစပြုပြီး တရားဥပဒေစိုးမိုးမှု စွမ်းရည်တည်ဆောက်ခြင်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုကို နက်ရှိုင်းစေပြီး လောင်းကစား၊ လိမ်လည်မှု၊ မူးယစ် ဆေးဝါး စတဲ့ နိုင်ငံဖြတ်ကျော် ပြစ်မှုကျူးလွန်တာတွေကို အဆက်မပြတ် နက်ရှိုင်းစွာ တိုက်ဖျက်သွားမှာ ဖြစ်တယ် လို့ ဆိုပါတယ်။

ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေးအစီအမံကို မြန်မာနိုင်ငံမှာ အကောင်အထည်ဖော်တာဟာ နှစ်နိုင်ငံရဲ့ ဘုံအကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်သွားမှာဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။