တရားမဝင် သစ်နဲ့ သတ္တုတွင်းထွက်တွေ ထုတ်ယူသယ်ဆောင်မှု တားဆီးရေးကို အရှိန်အဟုန်နဲ့ ဆက်လက်ဆောင် ရွက်သွားဖို့ လိုတယ်လို့ သယံဇာတ နှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီက ပြောပါတယ်။
ဩဂုတ်လ (၂၄) ရက်၊ မနက်ပိုင်းက တောင်ကြီးမြို့၊ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးရုံး၊ ရတနာသစ်ခန်းမမှာ သစ်တော၊ သတ္တု နဲ့ ပတ်ဝန်းကျင် ကဏ္ဍမှ ဝန်ထမ်းတွေနဲ့ တွေ့ဆုံရာမှာ ပြည်ထောင်စုဝန်ကြီးက အခုလိုထည့် သွင်း ပြောကြားခဲ့တာပါ။
ဝန်ထမ်းတွေအနေနဲ့လည်း အဂတိတရားကင်းရှင်းစွာနဲ့ ပြည်သူကယုံကြည်လေးစား အားကိုးရတဲ့ နိုင်ငံ့ဝန်ထမ်းကောင်းတွေဖြစ်အောင် ကြိုးပမ်းဆောင်ရွက်သွားဖို့ လိုတယ်လို့လည်း ဆိုပါတယ်။

ဒါ့အပြင် သစ်တောသယံဇာတတွေ ရေရှည်တည်တံ့ရေး၊ သန့်ရှင်းကောင်းမွန်တဲ့ပတ်ဝန်းကျင်ရရှိရေးနဲ့ သဘာဝ ပတ်ဝန်းကျင် ထိခိုက်မှုအနည်းဆုံးဖြစ်တဲ့ စိမ်းလန်းတဲ့ သတ္တုတွင်း ၊ သတ္တုတူးဖော်ရေး တာဝန်တွေကိုလည်း ဦးတည် ဆောင်ရွက်ရမယ်လို့ပြောပါတယ်။
အဲဒီအပြင် တောင်ကြီးမြို့ပတ်ဝန်းကျင် စိမ်းလန်းသာယာလှပရေး၊ ရေဝေရေလဲဧရိယာတွေကိုထိန်းသိမ်းရေးနဲ့ ရေဝေရေလဲစိုက်ခင်းတွေ တိုးချဲ့တည်ထောင်ရေး၊ ကြိုးဝိုင်း/ကြိုးပြင်ကာကွယ်တောတွေအတွင်း ကျူးကျော်ဝင် ရောက်မှုနဲ့ မြေအသုံးချမှုပြောင်းလဲမှုမရှိစေရေး ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားဖို့ကိုလည်း ပြောကြားခဲ့ ပါတယ်။