တမူး-မိုးရေး နယ်စပ်ဂိတ် အမြန်ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် စီစဉ်ဆောင်ရွက်နေမှုနဲ့ပတ်သက်ပြီး လူဝင်မှု ကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်နဲ့ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယ သံ အမတ်ကြီး မစ္စတာ အဘ်ဟေးတာကူးရ် တို့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။
ဇူလိုင် ၂၄ ရက်က နေပြည်တော်ရှိ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန အစည်းအဝေးခန်းမမှာ တွေ့ဆုံဆွေးနွေးခဲ့တာ ဖြစ်ပါတယ်။
တွေ့ဆုံရာမှာတော့ မြန်မာ-အိန္ဒိယ နှစ်နိုင်ငံပြည်သူတွေ အပြန်အလှန် ဝင်/ထွက် သွားလာနိုင်ရေးအတွက် ပြည်ဝင်ဗီဇာနဲ့ နေခွင့်ဆိုင်ရာ ခွင့်ပြုဆောင်ရွက်ပေးမှု၊ နှစ်နိုင်ငံ အပြည်ပြည်ဆိုင်ရာနယ်စပ်ဂိတ်တွေ ပြန်လည် ဖွင့်လှစ်နိုင်ရေးနဲ့ တမူး-မိုးရေး နယ်စပ်ဂိတ် အမြန်ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် စီစဉ်ဆောင်ရွက်နေမှုကို ဆွေးနွေးခဲ့ပါတယ်။

နိုင်ငံခြားရေးဝန်ကြီးဌာနက ပေးပို့ထားတဲ့ စာရင်းတွေအရ အိန္ဒိယနိုင်ငံသားတွေ ရှာဖွေကူညီကယ်တင် ဆောင် ရွက်မှုနဲ့ ရှာဖွေတွေ့ရှိသူတွေကို နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုအရ အရေးမယူဘဲ ပြန်လည်လွှဲပြောင်းဆောင်ရွက် ပေးမှုကိုလည်း ဆွေးနွေးပါတယ်။
မြန်မာနဲ့ အိန္ဒိယ နှစ်နိုင်ငံအကြား လူဝင်မှုကြီးကြပ်ရေးလုပ်ငန်းတွေနဲ့ e-ID စနစ်အတွက် နည်းပညာဆိုင်ရာလုပ်ငန်းတွေ ပူးပေါင်းဆောင်ရွက်နိုင်ရေး အခြေအနေတွေနဲ့ ပတ်သက်ပြီးလည်း အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြပါတယ်။