အခုနှစ်အတွင်း ဆေးရုံသုံးပစ္စည်းကိရိယာတွေ ဝယ်ယူဖြည့်တင်းတာနဲ့ ဆေးရုံတွေတိုးချဲ့ဆောက်လုပ်ဖို့အတွက် သီးသန့်ရန်ပုံငွေထဲကနေ အမေရိကန်ဒေါ်လာ ၂၂ သန်းနဲ့ ကျပ် ၁၁၆ ဒသမ ၈ ဘီလီယံ အသုံးပြုသွားမှာဖြစ်တယ်လို့ ယာယီသမ္မတ(တာဝန်) တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကပြောပါတယ်။

ဇူလိုင် ၃၁ ရက်က ကျင်းပတဲ့ အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီအစည်းအဝေးမှာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က အခုလိုပြောကြားလိုက်တာပါ။
နစကအနေနဲ့ ကျန်းမာရေးစောင့်ရှောက်မှုအဆင့်အတန်း အခုထက် ပိုမိုမြင့်မားလာစေရေးအတွက် အခုဘဏ္ဍာနှစ်အတွင်းမှာ မြို့နယ်ဆေးရုံနဲ့အထက်ဆေးရုံတွေကို အဆင့်မြှင့်တင်ပြီး လိုအပ်တဲ့ ဆေးရုံသုံးကိရိယာတွေ ဖြည့်တင်းဖို့ စီစဉ်ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် လစ်လပ်သွားခဲ့တဲ့ ကျန်းမာရေးဝန်ထမ်းနေရာတွေကို ပြည့်မီစွာပြန်လည်ခန့်အပ်နိုင်ဖို့အတွက် ဆေးရုံတိုင်း ဆရာဝန်ရှိရမယ်ဆိုတဲ့မူကိုချမှတ်ပြီး ကြိုးပမ်းဆောင်ရွက်နေတယ်လို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကပြောပါတယ်။