ခွင့်ပြုချက်ရယူတာမရှိဘဲ VPN ထူထောင်တာနဲ့ အွန်လိုင်းလောင်းကစားစနစ် တည်ဆောက်တာ ပြုလုပ်ရင် ထောင်ဒဏ်နဲ့ ငွေဒဏ်တွေ ချမှတ်နိုင်မယ့် ဆိုက်ဘာလုံခြုံရေးဥပဒေကို ပြဋ္ဌာန်းလိုက်ကြောင်း နိုင်ငံတော် စီမံ အုပ်ချုပ်ရေးကောင်စီက ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၁ ရက် ရက်စွဲနဲ့ ထုတ်ပြန်ပါတယ်။

ဒီဥပဒေဟာ ပြည်တွင်းမှာဖြစ်စေ၊ နိုင်ငံတော်ရဲ့ တည်ဆဲဥပဒေ တစ်ရပ်ရပ်အရ မှတ်ပုံတင်ထားတဲ့ ရေယာဉ် ဒါမှ မဟုတ် လေယာဉ်တစ်ခုခုပေါ်မှာဖြစ်စေ ကျူးလွန်တဲ့ ပြစ်မှုတွေ၊ အမျိုးသားဆိုက်ဘာနယ်ပယ်အတွင်းမှာဖြစ်စေ၊ အမျိုးသားဆိုက်ဘာနယ်ပယ်နဲ့ချိတ်ဆက်နေတဲ့ အခြားဆိုက်ဘာနယ်ပယ်တစ်ခုခုမှာဖြစ်စေ ကျူးလွန်တဲ့ ပြစ်မှု တွေကို အရေးယူနိုင်တယ်လို့ ဆိုပါတယ်။ ဒီဥပဒေအရ အရေးယူနိုင်တဲ့ ပြစ်မှုတစ်ရပ်ရပ်ကို ပြည်ပရောက် မြန်မာ နိုင်ငံသားက ကျူးလွန်ရင်လည်း ဒီဥပဒေအရ စီရင်ပိုင်ခွင့် ရှိစေရမယ်လို့ ပြဋ္ဌာန်းထားပါတယ်။ဒီဥပဒေပါ ရည်ရွယ်ချက်တွေကို အကောင်အထည်ဖော်နိုင်ဖို့အတွက် ဒုတိယသမ္မတတစ်ဦးက ဥက္ကဋ္ဌအဖြစ်နဲ့ ပြည်ထောင်စုဝန်ကြီး၊ ပြည်ထောင်စုဝန်ကြီးတွေနဲ့ ဆက်စပ်ပြည်ထောင်စုအဆင့် အဖွဲ့အစည်းတွေပါဝင်တဲ့ ဆိုက်ဘာလုံခြုံရေးဆိုင်ရာ ဗဟိုကော်မတီကို ဖွဲ့စည်းရမှာဖြစ်ပြီး တာဝန်နဲ့ လုပ်ပိုင်ခွင့်တွေကို ပြဋ္ဌာန်းထားပါ တယ်။
ဒီဥပဒေမှာပါတဲ့ ပြစ်မှုနဲ့ ပြစ်ဒဏ်တွေအနေနဲ့ကတော့ နိုင်ငံ့ဝန်ထမ်းမဟုတ်တဲ့ အရေးကြီးသတင်းအချက်အလက် အခြေခံ အဆောက်အအုံ စီမံထိန်းသိမ်းဖို့ တာဝန်ရှိသူဟာ ဒီဥပဒေပုဒ်မ ၁၇ ၊ ပုဒ်မခွဲ (က) ဒါမှမဟုတ် (ခ) ကို လိုက်နာဆောင်ရွက်ဖို့ ပျက်ကွက်ရင် အနည်ဆုံး တစ်လကနေ အများဆုံး ခြောက်လထိ ထောင်ဒဏ်ဖြစ်စေ၊ ကျပ် ၁၀ သိန်းကနေ ကျပ်သိန်း တစ်ရာထက် မပိုတဲ့ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမယ်လို့ ပြဋ္ဌာန်းထား တာ တွေ့ရပါတယ်။
ဆိုက်ဘာလုံခြုံရေးဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်း လိုင်စင်မရှိဘဲ ဆောင်ရွက်ရင် အဲဒီသူကို ပြစ်ဒဏ်ချမှတ်ရမယ့် အပြင် အမှုနဲ့ သက်ဆိုင်တဲ့ သက်သေခံပစ္စည်းတွေကို နိုင်ငံ့ဘဏ္ဍာအဖြစ် သိမ်းဆည်းရမယ်လို့ ပြဋ္ဌာန်းထားပါ တယ်။နိုင်ငံတော်အတွင်း အသုံးပြုသူ တစ်သိန်းနဲ့အထက်ရှိတဲ့ ဒီဂျစ်တယ်ပလက်ဖောင်းဝန်ဆောင်မှုလုပ်ငန်းဆောင်ရွက် သူဟာ မှတ်ပုံတင်တာမရှိဘဲ ဆောင်ရွက်ရင်လည်း အဲဒီသူကို အနည်းဆုံး ကျပ်သိန်းတစ်ထောင်အောက် မလျော့ တဲ့ ငွေဒဏ် ချမှတ်ရမယ့်အပြင် အမှုနဲ့ သက်ဆိုင်တဲ့ သက်သေခံပစ္စည်းတွေကို နိုင်ငံ့ဘဏ္ဍာအဖြစ် သိမ်းဆည်းရ မယ်လို့ ပြဋ္ဌာန်းထားတာတွေ့ရပါတယ်။
မရိုးမဖြောင့်သဘောနဲ့ ဆိုက်ဘာအရင်းအမြစ်ကို အသုံးပြုပြီး အခြားသူရဲ့ အွန်လိုင်းငွေကြေးတစ်ရပ်ရပ်ကို ခိုးယူ တာ ဒါမှမဟုတ် အကျိုးဖျက်ဆီးတာ ဒါမှမဟုတ် အခြားသူတစ်ဦးဦး ပြုလုပ်ဖို့ ခိုင်းစေရင်တော့ အဲဒီသူကို အနည်းဆုံး ၂ နှစ်ကနေ အများဆုံး ၇ နှစ်ထိ ထောင်ဒဏ်ချမှတ်ရမယ့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်တယ်လို့ ပြဋ္ဌာန်း ထားပါတယ်။ဝန်ကြီးဌာနရဲ့ ခွင့်ပြုချက်ကို ရယူတာမရှိဘဲ ဗီပီအန် (VPN) ထူထောင်တာ ဒါမှမဟုတ် ဗီပီအန် ဝန်ဆောင်မှုပေး တာတွေ ပြုလုပ်ရင်ဖြစ်စေ၊ ခွင့်ပြုချက်မရှိဘဲ အွန်လိုင်းလောင်းကစားစနစ် တည်ဆောက်တာ ပြုလုပ်ရင်ဖြစ်စေ၊ အများပြည်သူကြည့်ရှုဖို့ မသင့်လျော်တဲ့ သတင်းအချက်အလက်တွေကို အီလက်ထရောနစ်နည်းပညာနဲ့ ဖြန့်ချိတာ၊ ဖြန့်ဝေတာ၊ ပေးပို့တာ၊ ကူးယူတာ ဒါမှမဟုတ် ရောင်းချတာ ပြုလုပ်ရင်ဖြစ် အဲဒီသူကို ပြစ်ဒဏ်ချမှတ်ရမယ့်အပြင် အမှုနဲ့ သက်ဆိုင်တဲ့ သက်သေခံပစ္စည်းတွေကို နိုင်ငံ့ဘဏ္ဍာအဖြစ် သိမ်းဆည်းရမယ်လို့ ပြဋ္ဌာန်းထားပါတယ်။
ဒီဥပဒေပါ ပြစ်မှုတစ်ရပ်ရပ်ကို ကျူးလွန်ဖို့ အားထုတ်တာ ပူးပေါင်းကြံစည်တာ အားပေးကူညီတာတွေ ပြုလုပ်ရင် လည်း ဒီဥပဒေမှာ ပြဋ္ဌာန်းထားတဲ့ ပြစ်ဒဏ်ကို ချမှတ်တာ ခံရမယ်လို့ ပြဋ္ဌာန်းထားပါတယ်။ဆိုက်ဘာလုံခြုံရေးဥပဒေ ပြဋ္ဌာန်းလိုက်တဲ့အတွက် ပြည်သူတွေဘဝ လုံခြုံမှု တိုးတက်လာမှာ ဖြစ်တယ်လို့ တရားလွှတ်တော် ရှေ့နေ ဦးခင်ဇော် (မရမ်းကုန်း)က သုံးသပ်ပါတယ်။ဒီဥပဒေဟာ နိုင်ငံတော်သမ္မတက အမိန့်ကြော်ငြာစာနဲ့ သတ်မှတ်တဲ့ နေ့ရက်မှာ စတင်အာဏာတည်စေမှာ ဖြစ် တယ်လို့လည်း ဆိုက်ဘာလုံခြုံရေး ဥပဒေမှာ ပြဋ္ဌာန်းထားပါတယ်။