ဆိုက်ဘာလုံခြုံမှုကို ဥပဒေနဲ့အညီ ထိန်းကျောင်းသွားနိုင်ရေးအတွက် ညွှန်ကြားချက်တွေ၊ လုပ်ထုံးလုပ်နည်းတွေ ပြည့်စုံစွာပါဝင်နိုင်မယ့် ဆိုက်ဘာလုံခြုံရေးဥပဒေကို ပြဋ္ဌာန်းနိုင်ရေး ဆောင်ရွက်နေတယ်လို့ နစကဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောပါတယ်။
ဇူလိုင်၂၆ရက်က ပြုလုပ်တဲ့ e-Government ဦးဆောင်ကော်မတီအစည်းအဝေးမှာ ဦးဆောင်ကော်မတီ နာယက လည်းဖြစ်တဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က အခုလိုပြောကြားလိုက်တာပါ။

နည်းပညာတွေ မြန်ဆန်စွာ ဖွံ့ဖြိုးတိုးတက်လာတာကြောင့် အကျိုးကျေးဇူးတွေရှိသလို တစ်ဖက်မှာလည်း ဆိုက်ဘာတိုက်ခိုက်မှု၊ ဆိုက်ဘာရာဇဝတ်မှုတွေ သိသိသာသာမြင့်တက်လာပြီး အစိုးရအဖွဲ့အစည်းတွေအနေနဲ့ ဆိုက်ဘာလုံခြုံရေးနဲ့ စပ်လျဉ်းတဲ့ အန္တရာယ်တွေနဲ့ ပိုမိုရင်ဆိုင်လာရတယ်လို့ ဆိုပါတယ်။
အဲ့ဒါကြောင့် ဆိုက်ဘာလုံခြုံရေးအစီအမံတွေကို ထိရောက်စွာအကောင်အထည်ဖော်နိုင်ဖို့အတွက် ဆိုက်ဘာ လုံခြုံရေးမူဝါဒကို ၂၀၂၃ခုနှစ်မှာ ထုတ်ပြန်ခဲ့ပြီး ဆိုက်ဘာလုံခြုံရေးဥပဒေပြဋ္ဌာန်းနိုင်ရေးလည်း ဆောင်ရွက်နေ တယ်လို့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောပါတယ်။