အမျိုးသားစည်းလုံးညီညွတ်ရေးနှင့်ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီနဲ့ နိုင်ငံရေးပါတီများအစုအဖွဲ့ရဲ့ အလုပ်အဖွဲ့တို့ တွေ့ဆုံဆွေးနွေးပွဲပထမနေ့ကို ဩဂုတ် ၂၁ ရက်က နေပြည်တော်ရှိ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့်ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုဌာနမှာ ကျင်းပခဲ့ပါတယ်။
ဆွေးနွေးပွဲကို အမျိုးသားစည်းလုံးညီညွတ်ရေးနှင့်ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ ဥက္ကဋ္ဌ နယ်စပ်ရေးရာဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်နဲ့ ညှိနှိုင်းရေးကော်မတီဝင်တွေ၊ နိုင်ငံရေးပါတီများ အစုအဖွဲ့ရဲ့ အလုပ်အဖွဲ့ခေါင်းဆောင်အဖြစ်တာဝန်ယူထားတဲ့ ရခိုင့်ဦးဆောင်ပါတီ ဥက္ကဋ္ဌ ဒေါက်တာအေးမောင်နဲ့ အလုပ်အဖွဲ့ ကိုယ်စားလှယ်တွေ တက်ရောက်ခဲ့ပါတယ်။

တွေ့ဆုံရာမှာတော့ ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်နဲ့ ဒေါက်တာအေးမောင်တို့က နှုတ်ခွန်းဆက်စကားပြောကြားပြီး ညှိနှိုင်းရေးကော်မတီအတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီးမင်းနိုင်က တွေ့ဆုံဆွေးနွေးပွဲဆိုင်ရာ အကြောင်းအရာတွေကို ရှင်းလင်းတင်ပြပါတယ်။
အဲဒီနောက် နိုင်ငံရေးပါတီများအစုအဖွဲ့ရဲ့ အလုပ်အဖွဲ့က ဆွေးနွေးလိုတဲ့အချက်တွေကို အဆိုပြုတင်ပြကြပြီး ညှိနှိုင်းရေးကော်မတီအဖွဲ့ဝင် ဒုတိယဗိုလ်ချုပ်ကြီးဝင်းဗိုလ်ရှိန်က ညှိနှိုင်းရေးကော်မတီဘက်မှ ဆွေးနွေးလိုတဲ့အချက်တွေကို အဆိုပြု ဆွေးနွေးခဲ့ပါတယ်။
ဆက်လက်ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်)မှ ပြင်ဆင်ဖြည့်စွက်သင့်တဲ့အချက်တွေနဲ့ပတ်သက်ပြီး ပထမအကြိမ် တွေ့ဆုံခဲ့စဉ်က ဆက်လက်ဆွေးနွေးဖို့ကျန်ရှိတဲ့ အချက်တွေနဲ့ နှစ်ဖက်အဆိုပြုချက်တွေကို အပြန်အလှန်ဆွေးနွေးညှိနှိုင်းကြပြီးဆွေးနွေးပွဲပထမနေ့ကို ရပ်နားခဲ့ပါတယ်။
ဆွေးနွေးပွဲ ဒုတိယနေ့ကိုတော့ ဩဂုတ် ၂၂ ရက်မှာ ဆက်လက်ကျင်းပပြုလုပ်တယ်လို့သိရပါတယ်။