မဟတ္တမ ဂန္ဒီရဲ့ အကြမ်းမဖက်ဘဲ တွေ့ဆုံဆွေးနွေးရေး ဝါဒကို လိုက်နာကျင့်သုံးဆောင်ရွက်ဖို့ လိုအပ်တယ်လို့ ဦးနေအုပ်ဖောင်ဒေးရှင်းဥက္ကဋ္ဌ ဦးနေအုပ်(စိန်ပေါလ်)က One News ရဲ့ မေးမြန်းမှုကို ဖြေကြားပါတယ်။
အောက်တိုဘာ ၂ ရက်က ရန်ကုန်မြို့ အိန္ဒိယစင်တာမှာ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံရုံးနဲ့ ဦးနေအုပ်ဖောင်ဒေးရှင်းတို့ ပူးပေါင်းကျင်းပတဲ့ မဟတ္တမဂန္ဒီရဲ့ ၁၅၅ နှစ်မြောက် မွေးနေ့အထိမ်းအမှတ် အခမ်းအနားမှာ ပြောကြားခဲ့တာပါ။
ကမ္ဘာအနှံ့အပြားမှာ လက်နက်ကိုင်ပဋိပက္ခတွေ ဖြစ်ပွားနေတဲ့ချိန်မှာ မဟတ္တမဂန္ဒီရဲ့ အကြမ်းမဖက်ဘဲ တွေ့ဆုံ ဆွေးနွေးရေးဝါဒကို ကျင့်သုံးပြီး ဖြေရှင်းကြမယ်ဆိုရင် အကောင်းဆုံး ဖြစ်တယ်လို့ ဦးနေအုပ်(စိန်ပေါလ်)က ပြောပါတယ်။

မဟတ္တမဂန္ဒီ ပြောကြားခဲ့တဲ့ လူမျိုးရေး ဘာသာရေး အဆင့်အတန်း ခွဲခြားမှု မရှိဘဲ တန်းတူညီမျှမှု ရှိဖို့နဲ့ အားလုံးက သစ္စာတရားကို ရှာဖွေရမှာ ဖြစ်တယ်လို့လည်း ပြောကြားခဲ့ပါတယ်။
အခမ်းအနားကိုတော့ မြန်မာနိုင်ငံ အိန္ဒိယ သံအမတ်ကြီး မစ္စတာ အဘ်ဟေးတာကူးရ်နဲ့ ဦးနေအုပ်(စိန်ပေါလ်)တို့က မဟတ္တမဂန္ဒီ အောက်မေ့ဖွယ် ဆီးမီးတိုင် ထွန်းညှိပြီး ဖွင့်လှစ်ပေးခဲ့ပါတယ်။
အဲဒီနောက် သံအမတ်ကြီး မစ္စတာ အဘ်ဟေးတာကူးရ်က အမှာစကား ပြောကြားရာမှာ မြန်မာနိုင်ငံနဲ့ ဆက်ဆံမှု အခြေအနေဟာ မိသားစုဝင်အချင်းချင်း ကြည့်ရှုစောင့်ရှောက်ကြသလို အိန္ဒိယနိုင်ငံက အစဉ်အမြဲရပ်တည်နေပါကြောင်း ပြောကြားခဲ့ပါတယ်။