ရန်ကုန်မြို့၊ တက္ကသိုလ်ရိပ်သာလမ်းက နေအိမ်ခြံအမှတ်(၅၄)ကို ကျပ်ဘီလီယံ ၃၀၀ နဲ့ လာမယ့် ဩဂုတ်လ ၁၅ ရက်မှာ ဒုတိယအကြိမ် လေလံတင်ရောင်းချဖို့ ကမာရွတ်ခရိုင်တရားရုံးက ဆုံးဖြတ်ခဲ့တယ်လို့ တရားနိုင် ဦးအောင်ဆန်းဦးရဲ့ ရှေ့နေက One News ကို အတည်ပြု ပြောပါတယ်။
ဇွန်လ ၂၇ ရက် ရုံးချိန်းမှာ ကမာရွတ်ခရိုင်တရားရုံးက ဒုတိယအကြိမ် လေလံကြမ်းခင်းဈေးကို သတ်မှတ်တဲ့ အမိန့် ချမှတ်ခဲ့တာ ဖြစ်ပါတယ်။
လေလံပွဲကိုတော့ လာမယ့် ဩဂုတ် ၁၅ ရက်မှာ တရားရုံး ဘီလစ်အရာရှိက လေလံတင်ရောင်းချဖို့ ဆောင်ရွက်မှာ ဖြစ်ပြီး ခြံအမှတ်(၅၄) ပတ်ဝန်းကျင်မှာပဲ ပြုလုပ်သွားဖို့ရှိတယ်လို့ ဦးအောင်ဆန်းဦးရဲ့ ရှေ့နေက ပြောပါတယ်။

တရားနိုင်ဘက်က လေလံကြမ်းခင်းဈေးကို ကျပ် ၂၈၅ ဘီလီယံ ပြင်ဆင်သတ်မှတ်ပေးဖို့ လျှောက်ထားခဲ့တာ ဖြစ်ပေမယ့် တရားရုံးက တရားနိုင်နဲ့ တရားရုံးတို့ အကျိုးကို ထောက်ရှုပြီးတော့ လေလံကြမ်းခင်းဈေးကို ကျပ် ဘီလီယံ ၃၀၀ သတ်မှတ်ပေးတာ ဖြစ်တယ်လို့ ဆိုပါတယ်။
ခြံအမှတ်(၅၄)ကို ကျပ် သိန်းပေါင်း ၃ သန်း ၁ သိန်း ၅ သောင်း (ကျပ် ၃၁၅ ဘီလီယံ)နဲ့ ပြီးခဲ့တဲ့ မတ်လ ၂၀ ရက်က ပထမအကြိမ် လေလံတင် ရောင်းချခဲ့ရာမှာ ဝယ်တဲ့သူ မရှိခဲ့ပါဘူး။