နိုင်ငံတစ်ဝန်းလုံး အရေးပေါ်အခြေအနေ ကြေညာထားတဲ့ ကာလကို နောက်ထပ် ၆ လ တိုးမြှင့် သတ်မှတ်လိုက် တယ်လို့ ဇန်နဝါရီ ၃၁ ရက်၊ မနက်ပိုင်းက ကျင်းပတဲ့ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ အစည်း အဝေးက ဆုံးဖြတ်လိုက်ပါတယ်။ကာ/လုံ အစည်းအဝေးကိုတော့ ယာယီသမ္မတ(တာဝန်)၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်း အောင်လှိုင်၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးတီခွန်မြတ်၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေး ဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မောင်မောင်အေး၊ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ၊ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင် စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ အထူးဖိတ်ကြားထားတဲ့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အ တွင်းရေးမှူး ဗိုလ်ချုပ်ကြီး အောင်လင်းဒွေးနဲ့ တွဲဖက်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး ရဲဝင်းဦးတို့ တက်ရောက်ခဲ့ပါ တယ်။

ယာယီသမ္မတ(တာဝန်)၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က နိုင်ငံတော်ရဲ့ ကာကွယ်ရေးနဲ့ လုံခြုံရေးဆိုင်ရာ အခြေအနေတွေ၊ နိုင်ငံတည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းတွေကို အလေးထား ဆောင်ရွက် နေတဲ့ အခြေအနေတွေ၊ ပါတီစုံဒီမိုကရေစီစနစ် ခိုင်မာရေးနဲ့ ဒီမိုကရေစီနဲ့ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ ပြည် ထောင်စု တည်ဆောက်ရေးကို အကောင်အထည်ဖော်ဆောင်ရွက်နေတဲ့ အခြေအနေတွေ၊ စိုက်ပျိုးရေးနဲ့ မွေးမြူရေး ထုတ်ကုန်တွေ တိုးမြှင့်ထုတ်လုပ်နိုင်ရေး ကြိုးပမ်းဆောင်ရွက်နေတဲ့ အခြေအနေတွေ၊ နိုင်ငံတော်ရဲ့ ဖွံ့ဖြိုးတိုးတက်မှုနှုန်း မြန်ဆန်လာစေရေးအတွက် ပညာရေးကဏ္ဍ မြှင့်တင်ရေး ကြိုးပမ်းဆောင်ရွက်နေတဲ့ အခြေအနေတွေကို တင်ပြပါတယ်။

ဆက်လက်ပြီး မိမိတို့အားလုံး ရည်မှန်းထားတဲ့ အထွေထွေရွေးကောက်ပွဲကြီး အောင်မြင်စွာ ကျင်းပနိုင်ရေး ဆက် လက်လုပ်ဆောင်ဖို့ ကျန်ရှိနေသေးတာကို တွေ့ရပြီး အဓိက လွတ်လပ်ပြီး တရားမျှတတဲ့ အထွေထွေရွေးကောက်ပွဲ တစ်ရပ် ဖြစ်စေရေး တည်ငြိမ်အေးချမ်းမှု လိုအပ်နေသေးတဲ့အတွက် လုပ်ဆောင်ဖို့ လိုအပ်ချက်တွေကို အရှိန် အဟုန်မပျက် ဆက်လက်လုပ်ဆောင်နိုင်ဖို့ တာဝန်ထမ်းဆောင်ခွင့်ကို ထပ်မံပြီး ၆ လ သက်တမ်းတိုးမြှင့်ပေးနိုင်ဖို့ တင်ပြခဲ့ပါတယ်။ အဲဒီနောက် ယာယီသမ္မတ(တာဝန်)၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရဲ့ တင်ပြချက်အပေါ် အမျိုးသားကာ ကွယ်ရေးနှင့် လုံခြုံရေးကောင်စီ အဖွဲ့ဝင်တွေနဲ့ အထူးဖိတ်ကြားထားသူတွေက ဝိုင်းဝန်းသုံးသပ် ဆွေးနွေးခဲ့ကြပါတယ်။

အဲဒီနောက်မှာတော့ ယာယီသမ္မတ(တာဝန်)၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် အပါအဝင် ကာ/လုံ အဖွဲ့ဝင်တွေ အားလုံးက ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၂၅ နဲ့အညီ နိုင်ငံတစ်ဝန်းလုံး အရေးပေါ်အခြေအနေ ကြေ ညာထားတဲ့ ကာလကို နောက်ထပ် ၆ လ တိုးမြှင့်သတ်မှတ်ကြောင်း တစ်ညီတစ်ညွတ်တည်း ဆုံးဖြတ်ခဲ့ပြီး ကာ/လုံ အစည်းအဝေးကို ရုပ်သိမ်းလိုက်ပါတယ်။ရွေးကောက်ပွဲကို ဒီနှစ်အတွင်း ကျင်းပမယ်လို့ ပြောထားတာ ဖြစ်လို့ ကာ/လုံမှာ အရေးပေါ်ကာလ အခုတစ်ကြိမ် သက်တမ်းတိုးပြီးရင်တော့ လာမယ့် ကာလတွေမှာ ရွေးကောက်ပွဲအတွက် ကြိုတင် ပြင်ဆင်မှုတွေ ပြုလုပ် လာ နိုင်တယ်လို့လည်း နိုင်ငံရေး လေ့လာသူတွေက သုံးသပ်ပြောကြားထားပါတယ်။