ကယားပြည်နယ်အတွင်း သန်းခေါင်စာရင်းကောက်ယူတဲ့လုပ်ငန်းတွေကို အောင်မြင်စွာဆောင်ရွက်နိုင်ဖို့ လိုအပ်တယ်လို့ နစက ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကပြောပါတယ်။
စက်တင်ဘာ ၄ ရက်က ကယားပြည်နယ်အစိုးရအဖွဲ့ဝင်တွေ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူတွေ၊ မြို့မိမြို့ဖတွေနဲ့ ဒေသခံပြည်သူတွေကို ကယားပြည်နယ်အစိုးရအဖွဲ့ရုံးမှာတွေ့ဆုံပြီး ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာတွေ ဆွေးနွေးပြောကြားရာမှာထည့်သွင်းပြောကြားခဲ့တာပါ။

မိမိတို့အနေနဲ့ လွတ်လပ်ပြီးတရားမျှတတဲ့ အထွေထွေရွေးကောက်ပွဲပြန်လည်ကျင်းပနိုင်ရေး ကြိုတင်ပြင်ဆင်တဲ့လုပ်ငန်းတွေဆောင်ရွက်ရာမှာ လူဦးရေနဲ့အိမ်အကြောင်းအရာသန်းခေါင်စာရင်း ကောက်ယူတဲ့လုပ်ငန်းတွေကို အောက်တိုဘာလအတွင်းဆောင်ရွက်သွားမှာဖြစ်တယ်လို့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကပြောပါတယ်။
ရွေးကောက်ပွဲမကျင်းပမီ ကြိုတင်ပြင်ဆင်တဲ့ကာလအတွင်း ကိုယ်စားလှယ်လောင်းတွေအနေနဲ့ စည်းရုံးရေးလုပ်ငန်းတွေ ဆောင်ရွက်နိုင်ဖို့အတွက် ဒေသတွင်းတည်ငြိမ်အေးချမ်းမှုတွေရရှိအောင် ဆောင်ရွက်ကြရမှာဖြစ်တယ်လို့ဆိုပါတယ်။
သန်းခေါင်စာရင်းကောက်ယူမှုတွေအောင်မြင်အောင် ဆောင်ရွက်နိုင်ရေးအတွက် လုံခြုံရေးပိုင်းဆိုင်ရာတွေမှာ ဝိုင်းဝန်းဆောင်ရွက်သွားဖို့လိုအပ်တယ်လို့လည်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က စက်တင်ဘာ ၄ ရက်က ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(လွိုင်ကော်)နယ်မြေအတွင်း နယ်မြေတည်ငြိမ်အေးချမ်းရေးဆိုင်ရာ ဆောင်ရွက်ထားရှိမှုတွေကိုစစ်ဆေးရာမှာ မှာကြားခဲ့ပါတယ်။