မြန်မာနိုင်ငံဟာ ရှည်လျားတဲ့ကမ်းရိုးတန်းဒေသနဲ့ ကျယ်ပြန့်တဲ့ အဏ္ဏဝါတို့ကို ပိုင်ဆိုင်ထားတဲ့အတွက် အဏ္ဏဝါနဲ့ ကမ်းရိုးတန်းအခြေပြု သယံဇာတအရင်းအမြစ်တွေ ရေရှည်တည်တံ့စွာ ထုတ်ယူသုံးစွဲနိုင်ဖို့ အပြာရောင် စီးပွားရေး ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်သွားမယ်လို့ နစက ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ပြောပါတယ်။
ဇူလိုင် ၈ ရက်က တရုတ်နိုင်ငံ၊ ချင်းတောင်မှာကျင်းပတဲ့ ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့(SCO)ရဲ့ စိမ်းလန်းသောဖွံ့ဖြိုးမှုဖိုရမ်မှာ အခုလို ပြောကြားခဲ့တာပါ။

အဲဒါကြောင့် ပင်လယ်ကမ်းရိုးတန်းသယံဇာတ ဘက်စုံစီမံအုပ်ချုပ်ခြင်းအစီအစဉ်ကို ပြဋ္ဌာန်းပြီး တစ်ဖက်က ရေရှည်တည်တံ့စွာထုတ်ယူဖို့ စီမံထားသလို ရေအောက်အဖိုးတန် သဘာဝပတ်ဝန်းကျင်ကိုလည်း ထိန်းသိမ်းထား တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် မြန်မာ့ပင်လယ်ပြင်ရဲ့တောင်ပိုင်းတစ်လျှောက် ရေပေါ်ရေအောက် လှည့်လည်ကြည့်ရှုလေ့လာနိုင်ရေး ကိုလည်း အစိမ်းရောင်ခရီးသွားမြှင့်တင်ရေးကဏ္ဍအဖြစ် စီမံဆောင်ရွက်ထားပြီး လာရောက်လေ့လာနိုင်တယ်လို့ ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက ပြောကြားခဲ့ပါတယ်။