လည်ပတ်မှုယာယီရပ်နားခဲ့တဲ့ စင်ကာပူစွမ်းအင်ကုမ္ပဏီ Sembcorp ရဲ့ မြင်းခြံဓာတ်အားပေးစက်ရုံကို ပြန်လည်လည်ပတ်နေပြီဖြစ်တယ်လို့ Sembcorp က သတင်းထုတ်ပြန်ထားပါတယ်။
နယ်မြေအခြေအနေတွေကြောင့် ပြီးခဲ့တဲ့ ဩဂုတ်၁၂ ရက်ကစပြီး စက်ရုံရဲ့ လုပ်ငန်းလည်ပတ်မှုတွေကို ယာယီရပ်နားခဲ့တာပါ။ အခုအခါ စက်ရုံအနီးတစ်ဝိုက်မှာ နယ်မြေအခြေအနေတွေပြန်လည်တည်ငြိမ်သွားပြီး ဝန်ထမ်းတွေစက်ရုံကိုပြန်လာဖို့ လုံခြုံတဲ့အခြေအနေရှိတယ်လို့ယူဆတာကြောင့် အခုလိုစက်ရုံပြန်လည်ပတ်ဖို့ ဆုံးဖြတ်လိုက်တာဖြစ်ပါတယ်။

အခုလို လုပ်ငန်းပြန်လည်ပတ်ဖို့ကိုလည်း လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း(EPGE)နဲ့ ညှိနှိုင်းထားပြီးဖြစ်သလို ဝန်ထမ်းတွေရဲ့ဘေးကင်းမှုနဲ့ အခြေအနေတွေကို ဦးစားပေးအဖြစ် ဆက်လက်စောင့်ကြည့်ဦးမှာဖြစ်တယ်လို့လည်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
Sembcorp ဟာ ၂၀၁၈ ခုနှစ်ကစပြီး မြင်းခြံသဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံကို စတင်လည်ပတ်ခဲ့တာဖြစ်ပြီး တစ်ရက်ကိုလျှပ်စစ်ဓာတ်အား ၂၂၅ မဂ္ဂါဝပ်ထုတ်လုပ်ပေးနေတဲ့ စက်ရုံဖြစ်တယ်လို့သိရပါတယ်။