ဝေးလံခေါင်ဖျားပြီး သွားလာရေးခက်ခဲတဲ့ဒေသဖြစ်တဲ့ နာဂဒေသမှာ ပေ၂၆၀၀ ကျော်ရှည်လျားတဲ့ ချင်းတွင်း မြစ်ကူးတံတားကြီး တည်ဆောက်နေတယ်လို့ သိရပါတယ်။
အဲဒီတံတားကြီးဟာ စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့နယ်၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လေရှီး-ပန်ဆပ်-ဆွမ္မရာ လမ်းပေါ်မှာ ချင်းတွင်းမြစ်ကိုဖြတ်ပြီး တည်ဆောက်နေတဲ့ ချင်းတွင်းမြစ်ကူး(ထမံသီ) တံတားကြီးဖြစ်ပြီး လက်ရှိမှာ (၇၀)ရာခိုင်နှုန်းပြီးစီးနေပြီဖြစ်တယ်လို့ ထမံသီကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး ဦးကျော်မျိုးက ပြောပါတယ်။
ဒီတံတားကြီးပြီးစီးသွားရင် ဒေသခံတွေအတွက် ခရီးလမ်းကြန့်ကြာမှုတွေ လျော့ပါးသွားနိုင်တယ်လို့ ဆိုပါတယ်။ လက်ရှိမှာတံတားမရှိသေးတဲ့အတွက် ဒေသခံတွေအနေနဲ့ ဖြတ်သန်းသွားလာမှုမှာ အဆင်မပြေမှုတွေ၊ အချိန်ကြန့် ကြာမှုတွေ၊ ငွေကုန်ကြေးကျများရတာတွေရှိနေပြီး တံတားပြီးသွားရင်တော့ ဒေသခံတွေအတွက် လမ်းပန်းဆက် သွယ်ရေးပိုမိုကောင်းမွန်လာမှာဖြစ်သလို အစစအရာရာအဆင်ပြေလာမှာဖြစ်တယ်လို့ ဦးကျော်မျိုးက ပြောပါ တယ်။
အဲဒီ ချင်းတွင်းမြစ်ကူး(ထမံသီ)တံတားဟာ သံကူကွန်ကရစ် တံတားအမျိုးအစားဖြစ်ပြီး တံတားအရှည် – ၈၀၁ မီတာ(၂၆၂၇ ဒသမ ၉၅ ပေ)၊ အကျယ် – ၉ ဒသမ ၄ မီတာ(၃၀ ဒသမ ၈၄ ပေ)၊ တံတားအခန်းပေါင်း – ၁၅ ခန်း ၊ ရေလမ်းကင်းလွတ်အမြင့် ပေ ၄၀ ရှိမှာ ဖြစ်တယ်လို့ သိရပါတယ်။
အဲဒီတံတားကြီးဟာ ဒေသခံတွေအတွက် ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေးနဲ့ နယ်မြေဒေသဖွံ့ဖြိုးတိုး တက်ရေးအတွက် များစွာအထောက်အကူပြုမှာဖြစ်သလို ဒေသရဲ့ထုတ်ကုန်တွေကိုလည်း လွယ်ကူမြန်ဆန်စွာ သယ်ယူပို့ဆောင်နိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။