မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်က ကြီးအုံကြီးဝရေလှောင်တမံမှာ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် တမံ အတွင်း မိုးရေဝင်ရောက်ခဲ့ပြီး အောက်တိုဘာ ၄ ရက် မနက် ၇ နာရီအချိန် တိုင်းထွာချက်အရ တမံရေပြည့်မှတ် ဖြစ်တဲ့ ၃၄၀ ပေရဲ့အထက်ကို ၅ ပေခွဲလောက် ရေကျော်နေပေမယ့် စိုးရိမ်စရာအခြေအနေမရှိဘူးလို့ အဲဒီတမံက ရေကင်းတာဝန်ခံ ဦးစီးအရာရှိ ဦးထွန်းလွင်ရဲ့ ပြောကြားချက်အရ သိရပါတယ်။
ပွင့်ဖြူမြို့နယ်မှာ အောက်တိုဘာ ၁ ရက်ကစပြီး မိုးအဆက်မပြတ် ရွာသွန်းခဲ့တဲ့အတွက် တမံထဲကို မိုးရေတွေ ဝင်ရောက်ခဲ့တာဖြစ်ပေမယ့် တမံနဲ့ ဆက်စပ်အဆောက်အအုံတွေ ကြံ့ခိုင်ကောင်းမွန်နေတယ်လို့ ဆိုပါတယ်။
တမံအတွင်း မိုးရေဝင်ရောက်မှု အခြေ အနေနဲ့ တမံရေပိုလွှဲက ရေကျော်ကျမှုအခြေအနေတွေကို တမံအောက်ဘက်ရှိ ဒေသခံပြည်သူတွေ သိရှိနိုင်ဖို့အတွက် တမံရေကင်းတာဝန်ခံတွေရဲ့ကြီးကြပ်မှုနဲ့ (၂၄)နာရီ ရေကင်းတာဝန်တွေကို အလှည့်ကျ စောင့်ကြပ်ကြည့်ရှုစစ်ဆေးပြီး သဘာဝဘေးအန္တရာယ် ကင်းဝေးစေရေး စီမံချက်အရ အစိမ်းရောင်အလံတွေစိုက်ထူကာ အချိန်နဲ့တစ်ပြေးညီ အသိပေးနှိုးဆော်တာတွေ ဆောင်ရွက်နေတယ်လို့ သိရပါတယ်။