ကရင်ပြည်နယ်၊ မြဝတီ-ကော့ကရိတ် ဒေါနတောင်လမ်းဟောင်း ချောက်ကမ်းပါးနဲ့ အလယ် ဗိုလ်တဲကြားမှာ အောက်တိုဘာ ၂ ရက်၊ ည ၉ နာရီကျော်လောက်က (၁၀)ဘီးကားတစ်စီး ချောက်ထဲပြုတ်ကျပြီး ယာဉ်မောင်း အမျိုးသားတစ်ယောက် သေဆုံးခဲ့တယ်လို့ အလင်းသစ် Rescue Myawaddy ကနေ သိရပါတယ်။
၁၀ ဘီးယာဉ် ဟာ ကော့ကရိတ်ကနေ မြဝတီဘက်ကို တက်လာတဲ့ ကုန်မပါတဲ့ ယာဉ်ဖြစ်ပြီး အခင်းဖြစ်နေရာ အရောက်မှာ လမ်းဘေးယာဘက် ချောက်ထဲကို ထိုးကျသွားကာ ပေ ၁၀၀ လောက်မှာ ရပ်တန့်ခဲ့တာလို့ ဆိုပါတယ်။
ယာဥ်မောင်းအမျိုးသားဟာ (၁၀)ဘီးကားနဲ့ ပိနေပြီး အခင်းဖြစ်ပွားရာနေရာမှာတင် သေဆုံးခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။
ချောက်ထဲပြုတ်ကျတဲ့ ၁၀ ဘီးကားကို ဆွဲမပြီးမှသာ သေဆုံးယာဉ်မောင်း ရုပ်အလောင်းကို ထုတ်ယူရမှာ ဖြစ်တယ်လို့ ဦးအောင်ဇော်ဦးက ပြောပါတယ်။
လက်ရှိမှာတော့ (၁၀) ဘီးကား ပိုင်ရှင်နဲ့ သေဆုံးသူ ယာဥ်မောင်းရဲ့ မိသားစုနဲ့ အောက်တိုဘာ(၃)ရက် နေ့လယ်ပိုင်းမှာ အဆက်အသွယ်ရရှိပြီ ဖြစ်တယ်လို့ သိရပါတယ်။