အလုပ်အကိုင် PJ နိုင်ငံကူးလက်မှတ်နဲ့ အလုပ်သမား သက်သေခံကတ် ရှိမှသာ ပြည်ပထွက်ခွာ အလုပ်လုပ်ခွင့် ပြုမှာ ဖြစ်တယ်လို့ အလုပ်သမားဝန်ကြီးဌာနက အောက်တိုဘာ ၃ ရက်မှာ ထပ်မံအသိပေး ထုတ်ပြန်ပါတယ်။
လက်ရှိ ပြည်ပသွားရောက်လုပ်ကိုင်သူတွေအနေနဲ့ ဥပဒေနဲ့အညီ မှတ်ပုံတင်တာ PJ နိုင်ငံကူးလက်မှတ် မရှိတာ၊ အလုပ်သမားသက်သေခံကတ် လျှောက်ထားရယူတာ မရှိဘဲ အလည်အပတ် PV နိုင်ငံကူးလက်မှတ်တွေနဲ့ ပြည်ပ အလုပ်အကိုင်ဗီဇာတွေရယူပြီး လေကြောင်းခရီးနဲ့ ပြည်ပထွက်ခွာဖို့ ဆောင်ရွက်နေကြတာ တွေ့ရတယ်လို့ ဆိုပါတယ်။
သက်ဆိုင်ရာက လေဆိပ်မှာ စိစစ်တဲ့အခါ သတ်မှတ်ချက်တွေနဲ့ မကိုက်ညီတဲ့အတွက် ပြည်ပကို ထွက်ခွာ ခွင့် မရတာကြောင့် လေယာဉ်လက်မှတ်ခအပါအဝင် အခြားကုန်ကျစရိတ်တွေ ဆုံးရှုံးရတဲ့ ဖြစ်စဉ် ဖြစ်ပေါ်နေတယ်လို့လည်း ထုတ်ပြန်ချက်အရ သိရပါတယ်။
ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ အလည်အပတ် PV နိုင်ငံကူးလက်မှတ်ကိုင်ဆောင်ပြီး ပြည်ပထွက်ခွာ အလုပ်လုပ်ကိုင်မယ့်သူတွေကို စိစစ်ပြီး ပြန်လည်စေလွှတ်တာ ရှိတယ်လို့ ပြည်ထဲရေးဝန်ကြီးဌာနက One News သတင်းဌာနရဲ့ မေးမြန်းမှုအပေါ် ဖြေကြားထားပြီး ဖြစ်ပါတယ်။