ရန်ကုန်တိုင်းဒေသကြီး၊ ဒေါပုံမြို့နယ် ၊ ပုဇွန်တောင်ချောင်းစပ်မှာ စက်တင်ဘာ ၃၀ ရက်၊ ညနေပိုင်းက အမျိုးသားနှစ်ယောက်ရဲ့ ရုပ်အလောင်းတွေ့ရှိတဲ့အတွက် ဆယ်ယူရှင်းလင်းခဲ့ရတယ်လို့ သွားရောက်ကူညီခဲ့တဲ့ သစ္စာမဏ္ဍိုင်လူမှုကူညီရေးအသင်းကတာဝန်ရှိသူတစ်ယောက်က One News ကို ပြောပါတယ်။
မျောပါလာတဲ့ အမျိုးသားအလောင်းနှစ်လောင်းအနက် တစ်လောင်းက လွန်ခဲ့တဲ့ရက်ပိုင်းက ပုဇွန်တောင်ကင်းပုံဆိပ် ဆိပ်ကမ်းမှာအလုပ်လုပ်နေစဉ် ရေထဲပြုတ်ကျပျောက်ဆုံးခဲ့တဲ့ လှိုင်သာယာမြို့နယ်မှာ နေထိုင်သူတစ်ယောက်ဖြစ်ပြီး ကျန်အလောင်းကတော့ ခန္ဓာကိုယ်တစ်ပိုင်းပြတ်ကာမျက်နှာမပေါ်တဲ့ ပိုင်ရှင်မဲ့ရုပ်အလောင်းဖြစ်တယ်လို့ဆိုပါတယ်။
ရုပ်အလောင်းနှစ်လောင်းတွေ့ရှိတာနဲ့ပတ်သက်လို့ သက်ဆိုင်ရာရဲစခန်းက လာရောက်စစ်ဆေးခဲ့တယ်လို့လည်း သစ္စာမဏ္ဍိုင်လူမှုကူညီရေးအသင်းက တာဝန်ရှိသူတစ်ယောက်ကပြောပါတယ်။ လက်ရှိမှာတော့ရုပ်အလောင်းနှစ်လောင်းကို ရန်ကုန်ပြည်သူ့ဆေးရုံကြီးကိုပို့ဆောင်ထားပြီး အောက်တိုဘာ ၁ ရက်မှာ သင်္ဂြိုဟ်သွားဖို့ရှိတယ်လို့သိရပါတယ်။