ရန်ကုန်-မန္တလေးအမြန်လမ်းပေါ်မှာ စက်တင်ဘာလ ၉ ရက်က အမျိုးသမီးတစ်ယောက်ဟာ မောင်းနေတဲ့ကားပေါ်ကနေ ရုတ်တရက်ခုန်ချခဲ့ပြီး ပွဲချင်းပြီးသေဆုံးခဲ့တယ်လို့ ဘုရားတောင်အမြန်လမ်းမီးသတ်စခန်းကနေသိရပါတယ်၊၊
အခင်းဖြစ်စဉ်မှာ စက်တင်ဘာလ ၉ ရက်၊ နေ့လယ် ၁ နာရီခွဲအချိန်လောက်က နေပြည်တော်ကောင်စီနယ်မြေ၊ တပ်ကုန်း မြို့နယ်၊ ရန်ကုန်-မန္တလေးအမြန်လမ်း မိုင်တိုင် ၂၃၆ မိုင် ၂ ဖာလုံ နဲ့ ၃ ဖာလုံအနီးမှာ အသက် ၅၀ ကျော်အရွယ် အမျိုးသမီးတစ်ယောက်ဟာ မောင်းနေတဲ့ကားပေါ်ကနေ ရုတ်တရက်ခုန်ချခဲ့တာဖြစ်တယ်လို့ဆိုပါတယ်။
ခုန်ချခဲ့တဲ့ အမျိုးသမီးဟာ ကားနောက်ပိုင်းမှာမီးခိုးထွက်နေတယ်ဆိုပြီး ရုတ်တရုတ်ခုန်ဆင်းလိုက်တာဖြစ်ပြီး အခင်းဖြစ်နေရာမှာသေဆုံးခဲ့တယ်လို့ ဘုရားတောင်အမြန်လမ်းမီးသတ်စခန်းက တာဝန်ရှိသူတစ်ယောက်ကပြောပါတယ်။
ခုန်ချသေဆုံးခဲ့တဲ့အမျိုးသမီးဟာ နတ်မောက်မြို့ကနေဆေးကုပြီး ရန်ကုန်ကိုပြန်လာနေတာဖြစ်တယ်လို့ဆိုပါတယ်။ သေဆုံးသူအမျိုးသမီးရဲ့ရုပ်အလောင်းကိုတော့ တောင်ညိုနာရေးကူညီမှုအသင်းက လူနာတင်ယာဉ်နဲ့ နေပြည်တော်ခုတင်(၁၀၀၀) ပြည်သူ့ဆေးရုံကြီးကို ကူညီပို့ဆောင်ပေးခဲ့တယ်လို့သိရပါတယ်၊၊