လှိုင်မြစ်အတွင်း သမ္ဗန်တိမ်းမှောက်မှုကနေ ပျောက်ဆုံးနေသူတွေအနက် ဇူလိုင် ၁၂ ရက်မှာ ရုပ်အလောင်း ၄ လောင်းကို ရှာဖွေတွေ့ရှိထားတယ်လို့ ရှာဖွေကယ်ဆယ်ရေးလုပ်ကိုင်ပေးနေသူတွေဆီက သိရပါတယ်။
ဇူလိုင် ၁၀ ရက်၊ မနက်ပိုင်းက သမ္ဗန်မောင်းသူနဲ့ ခရီးသည် ၁၆ ယောက် လိုက်ပါလာတဲ့ သမ္ဗန်တစ်စင်းဟာ ကြည့် မြင်တိုင်ဗားကရာဘက်ကို ကူးလာစဉ် ဗားကရာဆိပ်ကမ်းကနေ ရေမိုင် ၅ ဖာလုံခန့်အကွာမှာ လှိုင်မြစ်အတွင်း တွဲ သင်္ဘောတစ်စင်းကို တိုက်မိပြီး တိမ်းမှောက်ခဲ့တာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ကတော့ အခင်းဖြစ်နေ့က သမ္ဗန်ပေါ်မှာပါတဲ့လူ ၁၇ ယောက်ထဲက ၉ ယောက်ကို ကယ်ဆယ်ထားနိုင်ပြီ ဖြစ်တယ်လို့ ထုတ်ပြန်ထားပြီး ဖြစ်ပါတယ်။
ပျောက်ဆုံးသူတွေထဲမှာတော့ ကျောင်းသား ၃ ယောက်နဲ့ ခရီးသည် ၅ ယောက် ပါဝင်ပြီး ကြည့်မြင်တိုင် တစ် ဖက်ကမ်းရှိ ငစင်နဲ့ ဦးမြရွာဘက်မှာ နေထိုင်သူတွေဖြစ်တယ်လို့လည်း ရှာဖွေကယ်ဆယ်ရေးလုပ်ပေးနေသူတွေက ပြောပါတယ်။
သမ္ဗန်တိမ်းမှောက်မှုနဲ့ပတ်သက်လို့ ဂိတ်မှူးနဲ့ စက်လှေမောင်းသူတို့ကို သက်ဆိုင်ရာရဲစခန်းမှာ စစ်ဆေးမှုတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။