မန္တလေးငလျင်ကြီးကြောင့် ခေတ္တရွှေ့ဆိုင်းထားရတဲ့ ၂၀၂၅ ခုနှစ် အစိုးရဓမ္မာစရိယနဲ့ ပါဠိပထမပြန်စာမေးပွဲတွေ ပြန်လည်ကျင်းပမယ်လို့ သာသနာရေးနဲ့ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာနက ထုတ်ပြန်ပါတယ်။အစိုးရဓမ္မာစရိယစာမေးပွဲကို လာမယ့်ဇွန်လ ၂ ရက်ကနေ ၆ ရက်အထိ ကျင်းပမှာဖြစ်ပြီး ပါဠိပထမပြန်စာမေးပွဲ တွေကိုတော့ ဇွန်လ ၄ ရက်ကနေ ၁၀ ရက်အထိ ကျင်းပသွားမှာ ဖြစ်ပါတယ်။

အစိုးရဓမ္မာစရိယစာမေးပွဲကို မွန်းလွဲ ၁၂ နာရီကနေ ညနေ ၄ နာရီအထိ ဖြေဆိုရမှာဖြစ်ပြီး ပါဠိပထမပြန်စာမေးပွဲ တွေကတော့ မွန်းလွဲ ၁၂ နာရီကနေ ညနေ ၃ နာရီအထိ ဖြေဆိုရမှာ ဖြစ်ပါတယ်။စာမေးပွဲဖြေဆိုရာမှာ လူနဲ့သီလရှင်တွေက ဇွန်လ ၄ ရက်မှာ ဝိနည်းဘာသာအစား ပထမကြီးတန်း ဓမ္မပဒပါဠိ အဋ္ဌကထာ(သုခဝဂ်မှအဆုံးထိ)၊ ပထမလတ်တန်းမှာ ဓမ္မပဒပါဠိ အဋ္ဌကထာ( ပဏ္ဍိတဝဂ် မှ ဗုဒ္ဓဝဂ်အဆုံးထိ)၊ ပထမငယ်တန်းမှာ ဓမ္မပဒပါဠိ အဋ္ဌကထာ (အစမှ ဗာလဝဂ် အဆုံးအထိ)၊ အခြေပြုမူလတန်းမှာ သုကုမာရမဂ္ဂ ဒီပနီ(လယ်တီ)တို့ကို ဖြေဆိုရမှာဖြစ်တယ်လို့ သာသနာရေးဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။