ရန်ကုန်မြို့၊ ရွှေတိဂုံစေတီတော်မြတ်ကြီးမှာ ဩဂုတ် ၈ ရက်၊ မနက်ပိုင်းက ဝါခေါင်လပြည့် မေတ္တာအခါတော်နေ့ အခမ်းအနားတွေ ကျင်းပပြုလုပ်ခဲ့တယ်လို့ ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့က သိရပါတယ်။ရွှေတိဂုံစေတီတော်မြတ်ကြီးကို အရုဏ်ဆွမ်းတော် ဆက်ကပ်ပူဇော်ပွဲကို စေတီတော်ရင်ပြင်ဧည့်ခံတန်ဆောင်းမှာ ကျင်းပရာ ဆွမ်း၊ ပန်း၊ ရေချမ်း၊ ဆီမီး၊ သစ်သီးတွေ ကပ်လှူပူဇော်ကြပြီး ရှေးဟောင်းဗုဒ္ဓရုပ်ပွားတော်များ တန် ဆောင်းမှာ ဝါခေါင်လပြည့် (မေတ္တာအခါတော်နေ့) အသံမစဲ မေတ္တာပို့ အောင်ပွဲအခမ်းအနားကို ဆက်လက် ကျင်းပ ခဲ့တယ်လို့ ဆိုပါတယ်။

ဆက်လက်ပြီး ပန်းပေါင်း (၈၄၀၀၀) ဆင်ယင်ပူဇော်ထားတဲ့ ပန်းစေတီတွေ လှည့်လည်ပူဇော်ပွဲကို ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်းနဲ့ အစိုးရအဖွဲ့ဝန်ကြီးတွေ၊ ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ဝင်တွေ၊ ဗုဒ္ဓဝေယျာဝစ္စအသင်းတွေနဲ့ ဝန်ထမ်းတွေက ပန်းစေတီတွေပင့်ဆောင်ပြီး ရင်ပြင်တော် တစ်ပတ် လှည့်လည်ပူဇော်ခဲ့ကြတယ်လို့ သိရပါတယ်။အဲဒီနောက် ပွင့်တော်မူပြီးတဲ့ ဘုရားရှင်လေးဆူတို့ကို ရည်မှန်းပူဇော်တဲ့အနေနဲ့ ကကုသန္ဓ ရုပ်ပွားတော်၊ ကောဏာ ဂမနရုပ်ပွားတော်၊ ကဿပ ရုပ်ပွားတော်၊ ဂေါတမ ရုပ်ပွားတော်တို့ကို ပန်းစေတီတွေ ကပ်လှူပူဇော်ခဲ့ကြတယ်လို့ သိရပါတယ်။

အဲဒီနောက်မှာတော့ ဝါတွင်းသီလ ခံယူပွဲ၊ နေ့ဆွမ်းဆက်ကပ် လှူဒါန်းပွဲ နဲ့ ရေစက်ချ အနုမောဒနာ အခမ်းအနားကို ရှေးဟောင်းဗုဒ္ဓ ရုပ်ပွားတော်များ တန်ဆောင်းမှာကျင်းပရာ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေး ဝေပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ပါတယ်။ ဒါ့အပြင် ဩဝါဒါစရိယဆရာတော်ကြီးနဲ့ သံဃာတော်အရှင်သူမြတ်တွေကို နေ့ဆွမ်းဆပ်ကပ် လှူဒါန်းခဲ့ပြီး ဥပုသ် သီတင်းသီလ စောင့်သုံးကြတဲ့ ယောဂီသူတော်စင်အပေါင်းတို့ကိုလည်းဧည့်ခံကျွေးမွေးလှူဒါန်းခဲ့တယ်လို့ သိရပါတယ်။ဝါခေါင်လပြည့်နေ့မှာတော့ ရွှေတိဂုံစေတီတော်မြတ်ကြီးမှာ ဘုရားဖူး ပြည်သူတွေက ပန်း၊ ရေချမ်း၊ ဆီမီးနဲ့ အမွှေး နံ့သာတိုင်တွေ ကပ်လှူပူဇော်တာ၊ တရား၊ ဘာဝနာ ပွားများအားထုတ်တာ၊ ပရိတ်တရားတော်တွေ ရွတ်ဖတ်ပူဇော် တာနဲ့ သီလခံယူဆောက်တည်သူတွေ များပြားခဲ့တယ်လို့သိရပါတယ်။