ရွှေတိဂုံစေတီတော်မြတ်ကြီးမှာ နယုန်လပြည့်နေ့ (မဟာသမယအခါတော်နေ့)အခမ်းအနားကို ဇွန်လ ၁၀ရက်နေ့မှာ ရွှေတိဂုံစေတီတော်ရင်ပြင်မှာ ကျင်းပသွားမှာဖြစ်တယ်လို့ ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ကနေ သိရပါတယ်၊၊ အခမ်းအနားမှာ ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်းဂေါပက အဖွဲ့ကကြီးမှူးပြီး မနက်(၅) နာရီမှာ ဆွမ်းတော်ဆက်ကပ်လှူဒါန်းတာ၊ မနက်(၆) နာရီမှာ ရွှေတိဂုံစေတီတော် ဩဝါဒါစရိယ ဆရာတော်ကြီးတွေနဲ့ စောင့်ရှောက်ရေးသံဃာတော်တွေကို အရုဏ်ဆွမ်းဆက်ကပ်လှူဒါန်းတာနဲ့ လှူဖွယ်ဝတ္ထူတို့ကို ဆက်ကပ်လှူဒါန်းတာတွေ ပြုလုပ်သွားမှာဖြစ်တယ်လို့ ဆိုပါတယ်၊၊

အဲဒီအပြင် မနက် (၆) နာရီခွဲအချိန်မှာ ရင်ပြင်တော်ရဲ့တောင်ဘက် ရှေးဟောင်းဗုဒ္ဓရုပ်ပွားတော်များတန်ဆောင်းမှာ မဟာသမယအခါတော်နေ့ဆိုင်ရာ သိမှတ်ဖွယ်ရာ တရားတော်တွေကိုနာကြားပြီး ရေစက်သွန်းချအမျှပေးဝေတာ၊ မနက် (၇) နာရီအချိန်မှာ မဟာသမယနေ့ ဖြစ်ပေါ်လာပုံကို ဖော်ကျူးတဲ့အနေနဲ့ ဗုဒ္ဓဝေယျာဝစ္စအသင်းတွေနဲ့ ဝန်ထမ်းတွေက ကပိလဝတ်နဲ့ ကောလိယ အုပ်စုနှစ်စုခွဲပြီး စေတီတော်ကြီးကို လက်ရာရစ်လှည့်လည်ပူဇော်ကာ စေတီတော်ရဲ့ ရာဟုထောင့် ချမ်းသာကြီးတန်ဆောင်းမှာ မဟာသမယသုတ် ရွတ်ဖတ်ပူဇော်တဲ့ အခမ်းအနားကို ကျင်းပမှာ ဖြစ်တယ်လို့ သိရပါတယ်။ အဲဒီနောက် ငြိမ်းချမ်းရေး အထိမ်းအမှတ်အနေနဲ့ ရင်ပြင်တော်ပေါ်ရှိ ခေါင်းလောင်းတွေကို တစ်ပြိုင်တည်း တီးခတ်သွားမှာဖြစ်တယ်လို့ သိရပါတယ်၊၊