ပြည်တွင်း ပြည်ပသာသနာပြု ကျေးဇူးတော်ရှင် အလိုတော်ပြည့်ဆရာတော်ကြီးရဲ့ သက်တော်(၈၁)နှစ်ပြည့် ဝိဇာတမွေးနေ့မင်္ဂလာအထိမ်းအမှတ်အနေနဲ့ ရန်ကုန်မြို့၊ တာမွေမြို့နယ်ရှိ အလိုတော်ပြည့်ကျောင်းတိုက်မှာ နယုန်လပြည့် ဇွန်လ(၁၀)ရက် ညနေပိုင်းက စားသောက်ကုန်လှူဒါန်းပွဲ ပြုလုပ်ခဲ့ပါတယ်။ အလိုတော်ပြည့်ဆရာတော်ကြီးဟာ သက်တော်(၈၁)နှစ်ပြည့်ပြီဖြစ်ပြီး အမေရိကန်နိုင်ငံမှာ ကျန်းမာရေး ကောင်းမွန်းစွာနဲ့ သတင်းသုံးနေတယ်လို့ သိရပါတယ်။

အလိုတော်ပြည့်ဆရာတော်ကြီးရဲ့ဝိဇာတမွေးနေ့မင်္ဂလာအနေနဲ့ သံဃာတော်တွေနဲ့သီလရှင်တွေ၊ အနှေးယာဉ် မောင်းလုပ်သားတွေနဲ့အခြေခံအိမ်ထောင်စုတွေကို ရန်ကုန်အလိုတော်ပြည့်ကျောင်းတိုက်ဆရာတော် အသျှင် ကုမာရဦးဆောင်ပြီး အနုပညာရှင်တွေနဲ့ ပြည်တွင်းပြည်ပအလှူရှင်တွေ စုပေါင်းကာ လှူဒါန်းကြတာဖြစ်တယ်လို့ သိရပါတယ်။ဒါ့အပြင် အလိုတော်ပြည့်ဆရာတော်ကြီးရဲ့(၈၁)နှစ်ပြည့်မွေးနေ့မင်္ဂလာအထိမ်းအမှတ်အနေနဲ့ မြန်မာနိုင်ငံ အတွင်းမှာရှိတဲ့ အလိုတော်ပြည့်ကျောင်းတိုက်(၅၃)ကျောင်းမှာလည်း မွေးနေ့မင်္ဂလာ ဆုတောင်းပွဲတွေနဲ့ သံဃာတော်တော်တွေကို ဆွမ်းကပ်တာတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

ရန်ကုန်အလိုတော်ပြည့်ကျောင်းတိုက်မှာတော့ ဆရာတော်အသျှင်ကုမာရဦးဆောင်ပြီး အလှူရှင်တွေရဲ့စုပေါင်း လှူဒါန်းမှုနဲ့အတူ နှစ်စဉ် လပြည့်နေ့တိုင်း သံဃာတော်တွေနဲ့သီလရှင်တွေ၊ အနှေးယာဉ်မောင်းလုပ်သားတွေနဲ့ အခြေခံအိမ်ထောင်စုတွေကို စားသောက်ကုန်တွေ လှူဒါန်းပေးနေသလို သဘာဝဘေးသင့်ဒေသတွေကိုလည်း သွားရောက်လှူဒါန်းတာတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။