မန္တလေးတိုင်းဒေသကြီးနဲ့ စစ်ကိုင်းတိုင်းဒေသကြီးတွေမှာ မူးယစ်မှောင်ခိုဂိုဏ်းအဖွဲ့ကို ငွေကျပ် ၂၇ ဒသမ ၅ ဘီလီ ယံ ကျော်တန်ဖိုးရှိတဲ့ မူးယစ်ဆေးဝါးတွေနဲ့အတူ ဖမ်းဆီးရမိခဲ့တယ်လို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့က နိုဝင်ဘာ ၂၁ ရက် မှာ ထုတ်ပြန်ပါတယ်။

ဖြစ်စဉ်မှာ နိုဝင်ဘာ ၅ ရက် မနက် ၅ နာရီမှာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေပါဝင်တဲ့ ပူးပေါင်း အဖွဲ့ဟာ စစ်ကိုင်းတိုင်း ဒေသကြီး၊ ကလေးမြို့နယ်မှာ ကလေးဝဘက်ကိုမောင်းနှင်လာတဲ့ ၁၂ ဘီးယာဉ်ကို သတင်း အရရှာဖွေရာက ကုန်ပစ္စည်းတွေနဲ့အတူ ဖုံးအုပ်သယ်ဆောင်လာတဲ့ ဘိန်းဖြူ ၅၀ ဒသမ ၆ ကီလိုကို သိမ်းဆည်း ရမိခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီ ၁၂ ဘီးယာဉ်က ယာဉ်မောင်းနဲ့ ယာဉ်နောက်လိုက်ကို စစ်ဆေးဖော် ထုတ်ချက်အရ မန္တလေးကနေ ကလေးမြို့ ကို မူးယစ်ဆေးဝါးတွေ တင်ပိုရောင်းချခဲ့ကြတဲ့ အမျိုးသားနှစ်ယောက်ကို မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည် မြို့နယ်နဲ့ နောက်ထပ်အမျိုးသားနှစ်ယောက်ကို မဟာအောင်မြေမြို့နယ် တွေမှာ အဲဒီနေ့မှာပဲ ဖမ်းမိခဲ့တယ်လို့ သိရပါတယ်။
ကွင်းဆက်ဖော်ထုတ်ချက်အရ မူးယစ်ဆေးဝါးတွေကို ကလေးမြို့မှာ လက်ခံသိုလှောင်ပြီး မြန်မာ-အိန္ဒိယနယ်စပ်ကို တင်ပို့ရောင်းချသူ အမျိုးသားတစ်ယောက်၊ တစ်ဖက်နိုင်ငံကနေ ထိန်းချုပ်ဓာတုပစ္စည်းကဖင်းတွေ တရားမဝင် တင်သွင်းခဲ့တဲ့ အမျိုးသားတစ်ယောက်၊ မန္တလေးကနေ ကလေးမြို့ကို မူးယစ်ဆေးဝါးတွေ တင်ပို့ခဲ့သူအမျိုးသား တစ်ယောက်နဲ့ အဲဒီမူးယစ်ဆေးဝါးတွေ လက်ခံခဲ့တဲ့ အမျိုးသားတစ်ယောက်၊ မန္တလေးမြို့မှာ တစ်ဆင့်ပြန်လည် ရောင်းချသူအမျိုးသားတစ်ယောက်နဲ့ ငွေကြေးလွှဲပြောင်းတာတွေဆောင်ရွက်ခဲ့တဲ့ သူ့ရဲ့ဇနီး၊ မူးယစ်ဆေးဝါး ရောင်းဝယ်ရာမှာပါဝင်တဲ့ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကျေးသီးမြို့နယ်မှာ နေထိုင်တဲ့ အမျိုးသားတစ်ယောက် တို့ကို ဖမ်းမိခဲ့ပါတယ်။

ဒီဖြစ်စဉ်ကနေ ကာလတန်ဖိုး၂၇ ဒသမ၅ ဘီလီယံကျော်တန်ဖိုးရှိ ဘိန်းဖြူ ၁၅၀ ကီလိုကျော်၊ စိတ်ကြွ ရူးသွပ် ဆေးပြား ၅ သန်းကျော်၊ အိုက်စ် ၄၁၂ ကီလိုနဲ့ ထိန်းချုပ်ဓာတုပစ္စည်း ကဖင်း ၃ တန်တို့ကို ဖမ်းမိခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။ မူးယစ်ဆေးသုံးစွဲတဲ့ပမာဏ များပြားပြီး ဖြန့်ဖြူးမှုပမာဏ များလာတယ်ဆိုရင် လူငယ်တွေရဲ့ ဆေးသုံး စွဲမှုတွေဟာ များပြားလာနိုင်တယ်လို့ မူးယစ်ဆေးစွဲသူများပြန်လည်ထူထောင်ရေးအသင်း(မြန်မာ)ဗဟိုဥက္ကဋ္ဌ ဦးစံရှိန်က ပြောပါတယ်၊၊ မန္တလေးတိုင်းဒေသကြီးနဲ့ စစ်ကိုင်းတိုင်းဒေသကြီးတွေမှာ ဖမ်းမိခဲ့တဲ့ ဖြစ်စဉ်မှာ မူးယစ်မှောင်ခိုဂိုဏ်းအဖွဲ့မှာ ပါဝင်သူ စုစုပေါင်း ၂၁ ယောက်ကို ဖမ်းမိခဲ့ပြီး ဥပဒေအရ အရေးယူထားကာ ကွင်းဆက်ပြစ်မှုကျူးလွန်သူတွေကို စစ်ဆေးဖော်ထုတ်နေတယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။ ဓာတ်ပုံ-CCDAC