မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဝင်တွေ စွမ်းရည်မြင့်မားလာစေဖို့ ရည်ရွယ်ပြီး ပြိုင်ပွဲတွေ ကျင်းပပေးနေတယ်လို့ မြန်မာနိုင်ငံ မီးသတ်ဦးစီးဌာနကနေ သိရပါတယ်။ ဇွန်(၂)ရက်က မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်၊ လေ့ကျင့်ရေး ကွင်းမှာ မီးငြှိမ်းသတ်ရေးနဲ့ ရှာဖွေကယ်ဆယ်ရေး စွမ်းရည်ပြိုင်ပွဲကို ကျင်းပပေးခဲ့ပါတယ်။မီးသတ်တပ်ဖွဲ့ဝင်တွေအနေနဲ့ သဘာဝဘေးအန္တရာယ်တစ်ခုခု ကျရောက်လာလို့ရှိရင် အလျင်အမြန် ကူညီ ကယ်ဆယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်နိုင်ဖို့ အခုလို ပြိုင်ပွဲတွေ လုပ်တာဖြစ်တယ်လို့ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ ဌာနချုပ်က ညွှန်ကြားရေးမှူး ဦးသိန်းထွန်းဦးက ပြောပါတယ်။

ပြိုင်ပွဲမှာ မီတာ (၁၀၀)တစ်ဦးချင်း စွမ်းရည်ပြိုင်ပွဲ၊ မီတာ(၁၀၀) နှစ်ယောက်တွဲ စွမ်းရည်ပြိုင်ပွဲ၊ မီတာ (၂၀၀) လေးယောက်တွဲ စွမ်းရည်ပြိုင်ပွဲနဲ့ Brave Heart တစ်ဦးချင်း စံချိန်ယူ သရုပ်ပြသတာတွေ ပါဝင်တာပါ။ပြိုင်ပွဲ အမျိုးအစား(၃)မျိုးမှာ တပ်ဖွဲ့ဝင်တွေ ခန္ဓာကိုယ် ကျန်းမာကြံ့ခိုင်ရေးနဲ့ သက်လုံကောင်းမှုတွေအပြင် မီးငြှိမ်း သတ်မှုနဲ့ ရှာဖွေကယ်ဆယ်ရေး စွမ်းရည်တွေ ယှဉ်ပြိုင်ရတာဖြစ်တယ်လို့ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ဌာနချုပ်က လက်ထောက်ညွှန်ကြားရေးမှူး ဦးကောင်းမြတ်နောင်က ပြောပါတယ်။ ပြိုင်ပွဲတွေမှာတော့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က အထူးရှာဖွေကယ်ဆယ်ရေးအဖွဲ့နဲ့ အဆင့်မြင့် ရှာဖွေ ကယ်ဆယ် ရေးအဖွဲ့တွေက အရာရှိတွေ၊ တပ်ဖွဲ့ဝင်တွေ ပါဝင်ယှဉ်ပြိုင်ကြတာ ဖြစ်ပါတယ်။ စွမ်းရည်ပြိုင်ပွဲအခမ်းအနားမှာ မြန်မာနိုင်ငံမီးသတ်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမြတ်သူက အမှာစကား ပြောကြားခဲ့ပြီး ပြိုင်ပွဲမှာ ဆုရရှိသူ တွေကို ဆုတွေ ပေးအပ်ချီးမြှင့်ခဲ့တယ်လို့ သိရပါတယ်။