မေလ(၅)ရက်မှာကျရောက်တဲ့ (၇၉)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲနေ့အခမ်းအနားကို ပြည်ထဲရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးထွန်းထွန်းနောင် တက်ရောက်မိန့်ခွန်း ပြောကြားပါတယ်။ အခမ်းအနားကိုတော့ ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်မှာ မေလ(၅)ရက် မနက်ပိုင်းက ပြုလုပ်ခဲ့ တာပါ။အခမ်းအနားမှာ ပြည်ထောင်စုဝန်ကြီးက မီးသတ်တပ်ဖွဲ့သမိုင်းကို ပြန်ကြည့်ရင် အနော်ရထာမင်းစော လက်ထက် ကတည်းက မီးသတ်တပ်ဖွဲ့တွေကို ဖွဲစည်းလာခဲ့တာဖြစ်လို့ နှစ်ပေါင်း တစ်ထောင်နီးပါးရှိခဲ့တာကို ဂုဏ်ယူဖွယ်ရာ တွေ့ရမှာဖြစ်ကြောင်း၊ ၁၉၄၆ ခုနှစ် မေလ(၅)ရက်က စေတနာ့ဝန်ထမ်း မီးသတ်အစည်းအရုံးညီလာခံကို ကျင်းပ နိုင်ခဲ့ပြီး အဲဒီရက်ကိုအစွဲပြုကာ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့အဖြစ် ကျင်းပလာခဲ့တာဟာ (၇၉) နှစ်တိုင်ခဲ့ပြီ ဖြစ်ကြောင်းတို့ကို ပြောဆိုခဲ့ပါတယ်။

ဒါ့အပြင် မီးသတ်လုပ်ငန်းတာဝန်ဆိုတာဟာ အချိန်နဲ့တစ်ပြေးညီ အရေးပေါ် တုံ့ပြန်ဖြေရှင်းဆောင်ရွက်ရတဲ့ သဘောရှိလို့ သက်ဆိုင်ရာလုပ်ငန်းနယ်ပယ်အလိုက် အသင့်ပြင်ဆင်စုဖွဲ့လေ့ကျင့်မှု၊ အကောင်အထည်ဖော် ဆောင်ရွက်မှု၊ ပြန်လည်သုံးသပ်မှု စတဲ့ လုပ်ငန်းဆိုင်ရာတွေကို မဟာဗျူဟာကျကျ ဆောင်ရွက်သွားရမှာဖြစ် ကြောင်း၊ ခေတ်အဆက်ဆက်မှာ မီးသတ်တပ်ဖွဲ့အနေနဲ့ မီးငြှိမ်းသတ်ရေးနဲ့ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေမှာ နိုင်ငံတော်နဲ့ တိုင်းရင်းသားပြည်သူလူထုအကျိုးအတွက် အသက်ကို ပဓာနမထားဘဲ စွန့်လွှတ်စွန့်စားမှုတွေနဲ့ အကျိုးပြုနေတာဟာ လေးစားဂုဏ်ယူဖွယ်ဖြစ်ကြောင်း၊ မြန်မာပြည်သူတွေရဲ့ အသက်အိုးအိမ်ပစ္စည်းဥစ္စာတွေကို စောင့်ရှောက် ကာကွယ်နိုင်တဲ့ တပ်ဖွဲ့ကြီးအဖြစ်လည်း နောင်နှစ်ပေါင်းများစွာ အဓွန့်ရှည်ကြာအောင် ကြိုးစား တည်ဆောက်သွားကြစေလိုကြောင်းတို့ကိုလည်း ပြောကြားခဲ့ပါတယ်။

အခမ်းအနားမှာ ငလျင်ဒဏ်ကြောင့် သေဆုံးသွားသူတွေအတွက် ဝမ်းနည်းခြင်းအထိမ်းအမှတ်အဖြစ် မတ်တတ်ရပ် ပြီး တစ်မိနစ် ငြိမ်သက်တာ၊ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းစဥ်တွေကို Movie Clip နဲ့ ပြသတာ၊ (၇၉)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ မှတ်တမ်းဗီဒီယို ပြသတာ၊ စွမ်းရည်သတ္တိနဲ့ စွမ်းဆောင်ရည်ဆိုင်ရာ ဘွဲထူး၊ ဂုဏ်ထူး ပေးအပ်တာတွေ ပြုလုပ်ခဲ့ပါတယ်။အဲဒီနောက်မှာတော့ ပြည်ထောင်စုဝန်ကြီးနဲ့တာဝန်ရှိသူတွေက မီးငြှိမ်းသတ်ရေးနဲ့ ရှာဖွေကယ်ဆယ်ရေး စွမ်းရည် သရုပ်ပြမှုတွေအပြင် ခင်းကျင်းပြသထားတဲ့ ရှေးဟောင်းမီးသတ်ယာဥ်နဲ့စက်ပစ္စည်းကိရိယာတွေ၊ ခေတ်မီ မီးငြှိမ်း သတ်ရေးနဲ့ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းသုံးယာဥ်နဲ့စက်ပစ္စည်းကိရိယာတွေကို လှည့်လည်ကြည့်ရှုခဲ့ကြပါတယ်။