မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီဝင်အဖြစ် တင်မြှောက်ခံရသူတွေနဲ့ ရွေးချယ်တင်မြှောက်ပွဲမှာ ပါဝင်အရွေးချယ်ခံခွင့်ရှိသူတွေစာရင်းကို ဩဂုတ်လ ၂၃ ရက်နေ့မှာ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီဝင် ရွေးချယ်တင်မြှောက်ရေးအဖွဲ့ကထုတ်ပြန်ပါတယ်၊၊
မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီဝင်ရွေးချယ်တင်မြှောက်ရေးအဖွဲ့ဟာ ကိုယ်စားလှယ်လောင်း အဆိုပြုလွှာတွေကိုတင်သွင်းနိုင်ဖို့ ဇူလိုင်လ ၁ ရက်ကနေ ၃၀ ရက်အထိ ဖိတ်ခေါ်ထားရှိရာ သတ်မှတ်ရက်အတွင်း မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီဝင်လောင်း အဆိုပြုလွှာပေးပို့လာသူ (၅၈)ယောက်ရှိခဲ့တယ်လို့ဆိုပါတယ်၊၊
အဆိုပြုလွှာပေးပို့လာသူတွေအထဲကနေ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ကောင်စီဝင်အဖြစ် အမည်စာရင်းပေးပို့ခံရသူ (၃)ယောက်၊ နယ်ပယ်ကိုယ်စားပြုသူ(၁၀)ယောက်ရှိတယ်လို့ ထုတ်ပြန်ချက်အရသိရပါတယ်။
အဲဒီအပြင် မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီဝင် ရွေးချယ်တင်မြှောက်ရေးအဖွဲ့က အဆိုပြုလွှာပေးပို့လာသူတွေအပေါ် သတင်းမီဒီယာကောင်စီဝင်တွေအဖြစ် အဖွဲ့မှရွေးချယ်ဖို့ဆုံးဖြတ်ထားသူ ၉ ယောက်နဲ့ ရွေးချယ်တင်မြှောက်ပွဲပြုလုပ်ပြီး ရွေးချယ်ခဲ့တဲ့တစ်ဦးချင်း ကိုယ်စားလှယ်လောင်း (၁၄)ယောက်ဖြစ်တယ်လို့လည်း ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီဝင်အဆိုပြုလွှာ ပေးပို့သူတွေထဲကနေ သတ်မှတ်ထားတဲ့အချက်အလက် အထောက်အထားပြည်စုံမှုမရှိတာ၊ သတင်းမီဒီယာနည်းဥပဒေပါ သတ်မှတ်နယ်ပယ်နဲ့ကိုက်ညီမှုမရှိတာ စတဲ့စိစစ်တွေ့ရှိမှုတွေကြောင့် အဖွဲ့ရဲ့သဘောတူဆုံးဖြတ်မှုနဲ့ အဆိုပြုလွှာပေးပို့လာသူ(၃၄)ယောက်ကို ပယ်ခဲ့တယ်လို့လည်းထုတ်ပြန်ထားပါတယ်။